Samsung ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက သူတို့ရဲ့ ပထမဦးဆုံးသော သုံးခေါက်ချိုးခေါက်ဖုန်းကို စတင်မိတ်ဆက်ပေးခဲ့ပြီး လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့ သောကြာနေ့မှာတော့ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။
Samsung ဟာ ခေါက်ဖုန်းနည်းပညာကို ပထမဦးဆုံး တီထွင်ဖန်တီးနိုင်ခဲ့တဲ့ နည်းပညာကုမ္ပဏီကြီး ဖြစ်ပြီး အခုမှာလည်း သုံးခေါက်ချိုး ခေါက်ဖုန်းကို ထပ်မံချပြလိုက်တာ ဖြစ်ပါတယ်။ ခေါက်ဖုန်းဈေးကွက်မှာ သုံးခေါက်ချိုး ခေါက်ဖုန်းကို ပထမဦးဆုံး မိတ်ဆက်ပေးခဲ့တာဟာ တရုတ်နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ Huawei ပဲဖြစ်ပါတယ်။ စက်တင်ဘာလတုန်းက မိတ်ဆက်ပေးခဲ့တဲ့ Huawei ရဲ့ သုံးခေါက်ချိုးဖုန်း ဒုတိယမျိုးဆက်ဟာ ခေါက်ထားတဲ့ အခြေအနေမှာ 12.8mm အထူရှိမှာ ဖြစ်ပြီး အခု Samsung ရဲ့ Galaxy Z TriFold ကတော့ 12.9 mm ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

Samsung ရဲ့ Galaxy Z TriFold ဟာ ဖြန့်လိုက်ရင် ၁၀ လက်မ အထိ ရှိမှာဖြစ်ပြီး 2160 x 1584 Resolution နဲ့ ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ Battery ဟာလည်း Samsung ထုတ်ဖူးခဲ့တဲ့ ခေါက်ဖုန်းတွေအားလုံးထက် ပိုကြီးမှာ ဖြစ်ပြီး Super-Fast Charging ကို ရရှိမှာ ဖြစ်တာကြောင့် 50% ကို ၃၀ မိနစ်နဲ့ အားသွင်းနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Samsung ရဲ့ပြောပြမှုအရ Galaxy Z TriFold ကို အမဲရောင်တစ်မျိုးထဲ ထုတ်လုပ်မှာ ဖြစ်သလို Memory 16GB နဲ့ Storage 512GB တစ်မျိုးတည်းကိုသာ ရရှိနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ရောင်းချမယ့် ဈေးနှုန်းကတော့ တောင်ကိုရီးယား ဝမ်ငွေ ၃၅၉၄၀၀၀ (ဒေါ်လာ ၂၄၄၉) ဖြစ်ပါတယ်။
Samsung ရဲ့ Galaxy Z TriFold ကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်၊ စင်ကာပူနဲ့ UAE တို့မှာ အရင်ဦးဆုံး စတင်ရောင်းချပေးမှာ ဖြစ်ပြီး ၂၀၂၆ ရဲ့ ပထမ လေးလပတ် အတွင်းမှာတော့ US ကို ရောင်းချပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ Galaxy Z TriFold ကို အလွန်နည်းပါးတဲ့ အရေအတွက် ကန့်သတ်ချက်ဖြင့် ထုတ်လုပ်ရောင်းချ ပေးသွားမှာ ဖြစ်ကြောင်းလည်း Samsung ရဲ့ ပြောပြမှုအရ သိရပါတယ်။













Discussion about this post