Epstein-Barr virus (EBV) ဆိုတာက ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ဗိုင်းရပ်စ်တွေထဲက တစ်ခုဖြစ်ပြီး၊ အရွယ်ရောက်ပြီးသူ ၉၅% ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတယ်လို့ ယူဆရပါတယ်။ လူအများစုအတွက်တော့ သူက သိသာတဲ့ ရောဂါလက္ခဏာ မပြပါဘူး။ ဒါပေမယ့် ဒီဗိုင်းရပ်စ်က အန္တရာယ်မရှိဘူးလို့တော့ ပြောလို့မရပါဘူး။ ခန္ဓာကိုယ်ထဲကို တစ်ခါဝင်သွားပြီးရင် တစ်သက်လုံးရှိနေနိုင်ပြီး ကင်ဆာရောဂါအချို့၊ Multiple Sclerosis (MS) နဲ့ တခြားပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။ အခုတော့ သိပ္ပံပညာရှင်တွေက သူ့ကိုတိုက်ဖျက်ဖို့ အလားအလာကောင်းတဲ့ နည်းလမ်းသစ်တစ်ခုကို တွေ့ရှိခဲ့ပါပြီ။
အမေရိကန်က Fred Hutchinson Cancer Center နဲ့ University of Washington က သုတေသီအဖွဲ့တစ်ဖွဲ့က EBV ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်ပေါ်က ပရိုတိန်းနှစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ Antibody အသစ်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီပရိုတိန်းတွေက ဗိုင်းရပ်စ်အတွက် “သော့” တွေလိုပါပဲ။ သူတို့က ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်မှာ အရေးပါတဲ့ B cell (သွေးဖြူဥတစ်မျိုး) တွေကို “သော့ဖွင့်” ပြီး ဝင်ရောက်ဖို့ ဒီပရိုတိန်းတွေကို သုံးပါတယ်။ အခုတွေ့ရှိထားတဲ့ Antibody အသစ်က အဲ့ဒီသော့တွေကို ပိတ်ဆို့ထားလိုက်မှာဖြစ်လို့ ဗိုင်းရပ်စ်က ကိုယ်ခံအားဆဲလ်တွေထဲကို ဝင်လို့မရတော့ပါဘူး။ ဒီနည်းလမ်းက လူသားနဲ့တူတဲ့ ကိုယ်ခံအားစနစ်ရှိတဲ့ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ အောင်မြင်ခဲ့ပါတယ်။

ဒီအောင်မြင်မှုက တော်တော်လေးကို ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါ။ ဘာလို့လဲဆိုတော့ EBV က ကျွန်တော်တို့ရဲ့ B cell တော်တော်များများကို ဝင်တိုက်နိုင်တဲ့အတွက် သူ့ကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ သီးသန့် Antibody တစ်ခုရှာရတာ အရမ်းကိုခက်ခဲပါတယ်။ ဒါပေမယ့် သုတေသီတွေက လူသား Antibody တွေထုတ်ပေးနိုင်အောင် မျိုးဗီဇပြုပြင်ထားတဲ့ ကြွက်တွေကို သုံးပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့တာပါ။ ဒါက EBV အတွက် အဖြေတစ်ခုရရုံတင်မကဘဲ၊ တခြားရောဂါပိုးတွေအတွက် Antibody ရှာဖွေရေးမှာပါ အသုံးဝင်မယ့် နည်းလမ်းသစ်တစ်ခုကိုပါ ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီ Antibody အသစ်ရဲ့ အရေးအကြီးဆုံး အသုံးဝင်မှုကတော့ ကိုယ်အင်္ဂါအစားထိုးကုသမှု ခံယူထားတဲ့ လူနာတွေအတွက်ပါပဲ။ အထူးသဖြင့် ကလေးတွေပါ။ ကိုယ်အင်္ဂါအစားထိုးထားတဲ့ လူနာတွေက သူတို့ရဲ့ ကိုယ်ခံအားစနစ်ကို ဆေးပေးပြီး ဖိနှိပ်ထားရတဲ့အတွက်၊ သူတို့ခန္ဓာကိုယ်ထဲမှာ ငုပ်နေတဲ့ EBV ဗိုင်းရပ်စ်က အားကောင်းလာပြီး PTLD လို့ခေါ်တဲ့ ကင်ဆာတစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။ အခုတွေ့ရှိထားတဲ့ Antibody ကိုသာ ဒီလူနာတွေကို ပေးထားနိုင်မယ်ဆိုရင် အဲ့ဒီကင်ဆာဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
တကယ်တမ်း လူတွေမှာသုံးနိုင်တဲ့ ဆေးဖြစ်လာဖို့ အချိန်တွေအများကြီး လိုအပ်နေသေးပေမယ့်၊ နှစ်ပေါင်းများစွာ အဖြေရှာမရခဲ့တဲ့ EBV ဗိုင်းရပ်စ်ကို တားဆီးနိုင်မယ့် နည်းလမ်းသစ်တစ်ခု တွေ့ရှိလိုက်တာကတော့ ဆေးပညာလောကအတွက်ရော၊ ဒီဗိုင်းရပ်စ်ကြောင့် အန္တရာယ်အရှိဆုံး လူတွေအတွက်ပါ ကြီးမားတဲ့ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပါပဲ။














Discussion about this post