Rabbit R1 ဆိုတဲ့ နာမည်ကို မကြားရတာတောင် တော်တော်ကြာနေလောက်ပါပြီ။ ဒါပေမယ့် ဒီ AI device ကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီကတော့ အရှုံးမပေးသေးဘဲ ဒုတိယအခွင့်အရေးတစ်ခုကို ပြန်လည်ရယူဖို့ ကြိုးစားနေပါတယ်။ အခုဆိုရင် Rabbit R1 အတွက် RabbitOS 2 ဆိုတဲ့ update အကြီးကြီးတစ်ခုကို စတင်ဖြန့်ချိလိုက်ပြီဖြစ်ပြီး ဒီ update မှာ UI ဒီဇိုင်းအသစ်နဲ့ feature အဟောင်းတွေကို ပိုကောင်းအောင် အဆင့်မြှင့်တင်မှုတွေ ပါဝင်လာပါတယ်။
RabbitOS 2 မှာ ဘာတွေပြောင်းလဲသွားမလဲ?
Rabbit ကုမ္ပဏီက သူတို့ရဲ့ Twitter/X မှာ ၈ မိနစ်စာ video တစ်ခုနဲ့ ဒီ update အကြောင်းကို ကြေညာခဲ့တာပါ။ ဒီ update က ၂၀၂၄ မှာ ထွက်ခဲ့တဲ့ R1 device အတွက် အခမဲ့ download လုပ်နိုင်မှာဖြစ်ပြီး hardware အသစ်တော့ မဟုတ်ပါဘူး။ ပြောင်းလဲမှုတွေထဲမှာ အဓိကအကျဆုံးကတော့ UI ပိုင်းပါပဲ။ Touchscreen ကို gesture တွေနဲ့ ပိုပြီးအဆင်ပြေပြေ သုံးနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ Android တို့ iOS တို့မှာလိုမျိုး Quick Settings screen အသစ်တစ်ခုလည်း ပါဝင်လာပြီး volume, brightness နဲ့ ကင်မရာလိုမျိုး setting တွေကို အလွယ်တကူ ဝင်ရောက်နိုင်မှာပါ။ နောက်ပြီး AI နဲ့ စကားပြောတဲ့အခါမှာလည်း စကားပြောအကြောင်းအရာ အပြည့်အစုံကို screen ပေါ်မှာ မြင်ရတော့မှာဖြစ်ပြီး ကင်မရာကို အလွယ်တကူဖွင့်ဖို့ shortcut လည်း ထည့်ပေးထားပါတယ်။
Rabbit R1 မှာ ဘာတွေလုပ်လို့ရလဲဆိုတာကို သုံးစွဲသူတချို့က သေချာနားမလည်ခဲ့ဘူးဆိုတာကို ကုမ္ပဏီကိုယ်တိုင်က ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် RabbitOS 2 မှာ “Card Stack” ဆိုတဲ့ function အသစ်တစ်ခု ထည့်ပေးထားပါတယ်။ ဒါက app drawer လိုမျိုး အလုပ်လုပ်မှာဖြစ်ပြီး Magic Gallery, recordings လိုမျိုး လုပ်ဆောင်ချက်တွေကို ကတ်တွေအနေနဲ့ တစ်ခုချင်းစီ scroll လုပ်ပြီး ရှာဖွေနိုင်မှာပါ။
Feature အသေးစား အဆင့်မြှင့်တင်မှုများ
ဘာသာပြန်တဲ့ feature မှာဆိုရင် အရင်ကထက်ပိုကောင်းအောင် စကားပြော transcript အပြည့်အစုံကို သိမ်းပေးထားပြီး Rabbit Hole လို့ခေါ်တဲ့ user hub နဲ့လည်း sync လုပ်ပေးထားပါတယ်။ နောက်ထပ် feature အသစ်တစ်ခုကတော့ “R1 Creations” ပါ။ ဒါက AI နဲ့ coding လုပ်ထားတဲ့ app တွေ၊ game တွေကို စုစည်းထားမယ့် နေရာတစ်ခုဖြစ်ပြီး သုံးစွဲသူတွေကိုယ်တိုင်ကလည်း “Rabbit Intern” ဆိုတဲ့ agent ကိုသုံးပြီး ကိုယ်ပိုင် tool လေးတွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
Rabbit ကုမ္ပဏီက hardware အသစ်မထုတ်ဘဲ လက်ရှိ device ရဲ့ အဓိကပြဿနာဖြစ်တဲ့ “သုံးရတာ ရှုပ်ထွေးပြီး ဘာလုပ်လို့ရမှန်းမသိတာ” ကို software နဲ့ အရင်ဖြေရှင်းလိုက်တာပါ။ ဒီ update က R1 ကို ပြန်ပြီးအသက်ဝင်လာအောင် လုပ်ပေးနိုင်မလား၊ ဒါမှမဟုတ် နောက်ကျသွားပြီလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Discussion about this post