Apple ဟာ OpenAI ၊ Microsoft နဲ့ Google တို့လိုမျိုး ကိုယ်ပိုင် AI တစ်ခု ဖန်တီးနေတာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Apple က ဖန်တီးနေတဲ့ Chatbot AI ကို Codename အရ “Ajax” လို့ အမည်ပေးထားပြီး OpenAI ရဲ့ ChatGPT နဲ့ တူညီမှာဖြစ်ကြောင်း သိရပါတယ်။ Ajax ဟာ Google ရဲ့ Cloud ပေါ်မှာ အလုပ်လုပ်မှာ ဖြစ်ပြီး Google JAX ဖြင့် တည်ဆောက်ထားကြောင်းလည်း သိရပါတယ်။ Apple ဟာ Ajax ကို Large Language Models တစ်ခု ဖြစ်အောင်ဖန်တီးနေပြီး အတွင်းပိုင်းကို ChatGPT ပုံစံမျိုး ဖြစ်စေရန် ကြိုးစားနေကြောင်း သိရပါတယ်။ သို့ပေမယ့် Apple ကို စုံစမ်းမေးမြန်းရာမှာတော့ Apple က ၎င်းအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
Apple ရဲ့ အတွင်းသတင်းများအရ Apple ရဲ့ ကိုယ်ပိုင် AI ကို ကုမ္ပဏီထဲမှ အင်ဂျင်နီယာများက Apple GPT လို့ ခေါ်ဆိုနေကြတာဖြစ်ပြီး လက်ရှိမှာတော့ လုံခြုံရေးအရ ဆိုင်းငံ့ထားကြောင်း သိရပါတယ်။ AI ဖန်တီးမှုကို ဆိုင်းငံ့ထားပေမယ့် Apple ရဲ့ ဝန်ထမ်းတချို့ လက်ထဲမှာတော့ ၎င်း AI ကို အသုံးပြုခွင့်ပေးထားကာ ထုတ်ကုန်များ ထုတ်လုပ်တဲ့ နေရာမှာလည်း အသုံးပြုနေကြောင်း သိရပါတယ်။
Apple ဟာ အခုသလော AI နယ်ပယ်က ကျွမ်းကျင်ဝန်ထမ်းများကို ဆက်တိုက်အလုပ်ခေါ်နေတာလည်း တွေ့ရတာကြောင့် Apple မှာ AI နဲ့ ပတ်သက်ပြီး Project တစ်ခုခု ရှိနေတယ်ဆိုတာ ခန့်မှန်းသိရှိနိုင်ပါတယ်။ အခုထွက်လာတဲ့ သတင်းတွေအတိုင်း Apple ဟာ ကိုယ်ပိုင် AI ကိုဖန်တီးနေတယ် ဆိုရင်တော့ AI လောကမှာ နောက်ထပ် ပြောင်းလဲမှုအသစ်တွေ မြင်လာရတော့မှာ ဖြစ်ပါတယ်။
Discussion about this post