The Information သတင်းဌာနရဲ့ ပြောပြမှုအရ Apple ဟာ သူတို့ရဲ့ AI ကို ဖန်တီးနေကြောင်းနဲ့ AI အတွက် တစ်ရက်ကို ဒေါ်လာ မီလီယံနဲ့ချီကာ အသုံးပြုနေကြောင်း သိရပါတယ်။
Apple ရဲ့ Chatbot ကဲ့သို့ စကားပြောဆိုနိုင်တဲ့ AI ကို ဖန်တီးနေတဲ့ Unit အား “Foundational Models” လို့ခေါ်ကြောင်း သိရပြီး အဖွဲ့ဝင် (၁၆) ဦး ပါဝင်ကာ Google ရဲ့ အင်ဂျင်နီယာဟောင်းများစွာလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက Apple ရဲ့ Siri ကို တိုးတက်အောင် ကူညီရန် ငှားရမ်းထားတဲ့ John Giannandrea ဟာ Apple AI ရဲ့ အကြီးအကဲအဖြစ် ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် အခြားသော AI နဲ့ ပတ်သက်တဲ့ အဖွဲ့ခွဲများစွာလည်း ရှိနေသေးကြောင်း သိရပါတယ်။ Visual Intelligence Unit ဟာ Image Generation Model ကို ဖန်တီးနေသလို အခြားသော AI အဖွဲ့တွေကလည်း သူတို့နဲ့ သက်ဆိုင်တဲ့ AI Models တွေကို ဖန်တီးနေကြောင်း သိရပါတယ်။ Apple ရဲ့ Chatbot ဟာ AppleCare ကို အသုံးပြုတဲ့ ဖောက်သည်များနဲ့ အပြန်အလှန်စကားပြောနိုင်မှာဖြစ်ပြီး Siri အတွက်လည်း များစွာအထောက်အကူပြုစေမယ်လို့ သိရပါတယ်။
The Information သတင်းဌာနရဲ့ ပြောပြမှုအရ Apple ရဲ့ အဆင့်မြင့် LLM ကို ကုမ္ပဏီအတွင်းမှာ Ajax GPT လို့ ခေါ်ဆိုနေပြီး Parameters ပေါင်း ဘီလီယံ ၂၀၀ ကျော်ဖြင့် ဖန်တီးထားတာကြောင့် မနှစ်က မိတ်ဆက်ခဲ့တဲ့ ChatGPT ရဲ့ အခြေခံဖြစ်တဲ့ GPT-3.5 ထက်ပိုပြီး အားကောင်းကြောင်း သိရပါတယ်။ လက်ရှိမှာတော့ Apple ရဲ့ AI ကို ကုမ္ပဏီအတွင်းမှာပဲ အသုံးပြုနေကြောင်း Bloomberg သတင်းဌာနရဲ့ ပြောပြမှုအရသိရပြီး ယခုသတင်းများနဲ့ ပတ်သက်ကာ Apple ကို မေးမြန်းထားရာမှာတော့ ပြန်လည်တုံ့ပြန်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။
Discussion about this post