YouTube ဟာ အသံနဲ့ သီချင်းရှာဖွေနိုင်မယ့် Features အသစ်ကို စမ်းသပ်

YouTube ဟာ Hum-To-Search လို့ခေါ်တဲ့ အသံနဲ့ သီချင်းများရှာဖွေနိုင်မယ့် Features အသစ်ကို စမ်းသပ်နေကြောင်း သိရပါတယ်။

သီချင်းရဲ့ စာသားတချို့ကို သိတယ်၊ ဒါပေမယ့် သီချင်းခေါင်းစဥ်ကို မသိတဲ့ အဖြစ်မျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ Hum-To-Search Features ဟာ အဲလိုအခက်အခဲ ဖြစ်နေသူများအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ သီချင်းရဲ့ တစ်စိတ်တစ်ပိုင်းကို YouTube မှာ ဆိုလိုက်မယ် သို့မဟုတ် Record လုပ်လိုက်မယ်ဆိုရင် YouTube က ၎င်း သီချင်းသံကို ခွဲခြမ်းစိတ်ဖြာကာ သီချင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ရှာဖွေပေးမှာ ဖြစ်ပါတယ်။

Google ရဲ့ ပြောပြမှုအရ ဒီ Features ကို အခုအချိန်မှာ တစ်ကမ္ဘာလုံးရဲ့ Android အသုံးပြုသူများထဲမှ ရာခိုင်နှုန်းအနည်းငယ်ကိုသာ အသုံးပြုခွင့်ပေးထားတာဖြစ်လို့ အားလုံးအသုံးပြုလို့ မရသေးကြောင်း သိရပါတယ်။ Hum-To-Search Features ဟာ Google အတွက် ပထမဦးဆုံး အတွေ့အကြုံတော့ မဟုတ်ပါဘူး။ ၂၀၂၀ ခုနှစ်တုန်းက Google App နဲ့ Google Assistant တို့မှာ စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ အခု YouTube မှာ စမ်းသပ်နေတဲ့ Features နဲ့ အလုပ်လုပ်ပုံခြင်း တူတယ် ဆိုပေမယ့် စမ်းသပ်အသုံးပြုများရဲ့ ပြောပြချက်အရ Google ရဲ့ ၁၀ စက္ကန့် မှ ၁၅ စက္ကန့် လောက်အထိ စောင့်ရတာထပ်တော့ YouTube က ပိုမြန်ကြောင်း သိရပါတယ်။

Google က ဒီ Features ကို စမ်းသပ်ရခြင်းဟာ အသုံးပြုသူများအတွက် သီချင်းရှာဖွေမှုကို ပိုမိုလွယ်ကူစေဖို့ ဖြစ်သလို Creators တွေ အတွက်လည်း သူတို့ရဲ့ သီချင်းကို လူအများဆီသို့ရောက်အောင် ကြိုးစားရာမှာ ပိုမိုလွယ်ကူပြီး သက်သာစေဖို့ ဖြစ်ကြောင်း ရှင်းပြထားပါတယ်။ လက်ရှိမှာတော့ စမ်းသပ်ကာလပဲ ရှိသေးတာကြောင့် Android ဖုန်းအသုံးပြုသူ အနည်းငယ်သာ ဒီ Features ကို အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါတယ်။

Exit mobile version