Microsoft ရဲ့ Xbox Game Studio တွေမှာ ဝန်ထမ်းအများအပြားကို အလုပ်ထုတ်ပယ်ခဲ့ပြီးနောက်မှာ Xbox ရဲ့ အမှုဆောင်အရာရှိတစ်ဦးက အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို စီမံခန့်ခွဲဖို့နဲ့ အလုပ်သစ်ရှာဖွေရာမှာ အကူအညီရယူဖို့ AI chatbot တွေကို သုံးသင့်တယ်လို့ အကြံပြုခဲ့ရာကနေ အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
Xbox Game Studios မှ အမှုဆောင်တစ်ဦးဖြစ်သူ Matt Turnbull က သူ့ရဲ့ LinkedIn လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပို့စ်တစ်ခု တင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဲဒီပို့စ်ကို ပြန်ဖျက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူက “ဒီလိုအခြေအနေမျိုးမှာ ကျွန်တော့်အနေနဲ့ အကောင်းဆုံးအကြံဉာဏ်ပေးဖို့ ကြိုးစားရမှာပဲ” လို့ ရေးသားခဲ့ပြီး Microsoft ရဲ့ အလုပ်ထုတ်ပယ်မှုတွေကြောင့် စိတ်ဖိစီးနေတဲ့ ဝန်ထမ်းတွေကို AI က ကူညီနိုင်ကြောင်း ပြောကြားခဲ့တာပါ။

သူ့ရဲ့ အကြံပြုချက်ကတော့ အလုပ်ထုတ်ခံရလို့ စိတ်ဓာတ်ကျခြင်း၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို လျှော့ချနိုင်ဖို့ ChatGPT နဲ့ Copilot လို AI နည်းပညာတွေကို သုံးပြီး ကိုယ်ရေးရာဇဝင် (CV) အသစ်ရေးတာ၊ အလုပ်အကိုင် အစီအစဉ်တွေဆွဲတာနဲ့ အလုပ်သစ်လျှောက်တာတွေမှာ AI Chatbot တွေရဲ့ အကူအညီယူဖို့ တိုက်တွန်းခြင်း ဖြစ်ပေမယ့် တစ်ဖက်ကကြည့်ရင်လဲ အလုပ်ထုတ်ခံနေရတဲ့ အချိန်မှာ ပြောကြားထားတာဖြစ်လို့ ဝေဖန်မှုများ မြင့်တက်နေတာ ဖြစ်ပါတယ်။
“ဒါတွေက တကယ်ကို ခက်ခဲတဲ့အချိန်တွေပါ။ အလုပ်ထုတ်ခံရတာပဲဖြစ်ဖြစ်၊ အလုပ်ထုတ်ခံရနိုင်ခြေအတွက် ကြိုတင်ပြင်ဆင်နေတာပဲဖြစ်ဖြစ် သင်တစ်ယောက်တည်း မဟုတ်ပါဘူး” လို့ Turnbull က ရေးသားခဲ့ပါတယ်။ “ဘယ် AI ကမှ လူတစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ ခံစားချက်ကို အစားထိုးလို့မရပါဘူး။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေများနေတဲ့အချိန်မှာ ဒီ AI တွေက သင့်ကို ပိုမြန်မြန်၊ ပိုတည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်နိုင်အောင် ကူညီပေးနိုင်ပါတယ်” လို့ ပြောကြားထားတာ ဖြစ်ပါတယ်။
ဒီအကြံပြုချက်ဟာ Microsoft က AI နည်းပညာအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေပြီး တစ်ဖက်မှာလည်း ဝန်ထမ်းပေါင်း ၁,၉၀၀ အထိ အလုပ်ထုတ်ပယ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာပါ။
Turnbull ရဲ့ ပို့စ်ကို ဘာကြောင့် ဖျက်လိုက်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့်၊ သူ့ရဲ့ အကြံပြုချက်ကို ဂိမ်းဖန်တီးသူတွေနဲ့ တခြား ဖန်တီးမှုနယ်ပယ်က လူတွေကတော့ သဘောမကျခဲ့ပါဘူး။ သူတို့က AI နည်းပညာဟာ သူတို့ရဲ့ အလုပ်အကိုင်တွေကို ခြိမ်းခြောက်နေတဲ့အရာအဖြစ် ရှုမြင်နေကြချိန်မှာ အခုလို အကြံဉာဏ်ပေးတာဟာ ဝန်ထမ်းတွေရဲ့ ခံစားချက်ကို နားမလည်ရာရောက်တယ်လို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြန်လည်ဝေဖန်ခဲ့ကြပါတယ်။
Discussion about this post