WhatsApp က အသုံးပြုသူများ၏ လုံခြုံရေးအတွက် Passkey စနစ်ကို ထည့်သွင်း

WhatsApp ရှိ ပျင်းစရာကောင်းတဲ့ SMS Two-Factor လုံခြုံရေးစနစ်ကို နှုတ်ဆက်ရမယ့်အချိန် ရောက်ပြီဖြစ်ပါတယ်။ WhatsApp ဟာ အသုံးပြုသူများရဲ့ လုံခြုံရေးကို တိုးမြှင့်စေဖို့အတွက် Passkey စနစ်ကို စတင်ထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

Passkey စနစ်ဆိုတာ အကောင့်ထဲဝင်ရာမှာ Password ရိုက်စရာမလိုတော့ပဲ ဖုန်းထဲမှာထည့်သွင်းထားတဲ့ Face ID (သို့မဟုတ်) Fingerprint နဲ့ ဝင်နိုင်မှာ ဖြစ်ပါတယ်။ WhatsApp ရဲ့ ပြောပြမှုအရ Passkey စနစ်ထည့်သွင်းရခြင်းဟာ အသုံးပြုသူများရဲ့ လုံခြုံရေးအားကောင်းစေဖို့ဖြစ်သလို ပိုမိုလွယ်ကူ အဆင်ပြေစွာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ကြောင်း သိရပါတယ်။ Passkey စနစ်ဟာ Google မှ စတင်ခဲ့တဲ့ စနစ်ဖြစ်ပြီး အခုဆိုရင် Meta ရဲ့ WhatsApp ကပါ ကျင့်သုံးလာတာ တွေ့ရပါတယ်။

Passkey စနစ်ရဲ့ အားသာချက်ကတော့ Password ရိုက်တာကို ဘေးကချောင်းကြည့်လို့ မရတော့တာကြောင့် လုံခြုံမှုအားကောင်းစေမှာ ဖြစ်သလို အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ Passkey စနစ်ကို အသုံးပြုလိုက်လို့ သန်းနဲ့ချီတဲ့ WhatsApp အသုံးပြုသူအားလုံးရဲ့ လုံခြုံရေးဟာ ရာနှုန်းပြည့် အားကောင်းသွားမယ်လို့တော့ မှတ်ယူလို့ မရပါဘူး။ Password မေ့တတ်သူများနဲ့ Password ကို လွယ်လွယ်ထားတတ်သူများ (ဥပမာ-“123456”) အတွက်တော့ အရင်ကထက် လုံခြုံမှု ပိုမိုအားကောင်းသွားမှာ ဖြစ်ပါတယ်။

အခုပြောပြခဲ့တဲ့ WhatsApp ရဲ့ Passkey စနစ်ဟာ Beta Version မှာ စတင်အသုံးပြုလို့ရနေပြီဖြစ်ကာ Public ကိုတော့ နောက်လာမယ့်အပတ်ထဲ မဟုတ်ရင် ဒီလထဲမှာ ထုတ်ပေးနိုင်တယ်လို့ ခန့်မှန်းသိရှိရပါတယ်။ သို့ပေမယ့် Android အသုံးပြုသူများအတွက်သာ စတင်ထုတ်ပေးမှာဖြစ်ပြီး iOS အတွက်တော့ ဘယ်အချိန် ထုတ်ပေးမလဲဆိုတာကို ပြောပြထားခြင်း မရှိသေးပါဘူး။

Exit mobile version