Elon Musk ရဲ့ SpaceX ကုမ္ပဏီက ဖုန်းနဲ့တူတဲ့ AI device prototype (စမ်းသပ်ပုံစံ) တစ်ခုကို ရင်းနှီးမြှုပ်နှံသူတွေကို ပြသခဲ့တယ်လို့ Wall Street Journal က ဖော်ပြလိုက်ပါတယ်။ အဆိုပါ AI device က iPhone ထက် ပိုပါးပြီး ပိုပြီးစတိုင်ကျတယ်လို့ သိရပြီး၊ ရိုးရိုး touchscreen ဖုန်းတစ်လုံးနဲ့ Rabbit R1 လို AI device ကြားထဲက ပုံစံမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Elon Musk ကတော့ ဒီသတင်းကို “လုံးဝမဟုတ်ပါဘူး၊ အမှားကြီးပါ” လို့ အပြတ်အငြင်းဆိုထားပါတယ်။
သတင်းတွေအရတော့ အဆိုပါ AI device မှာ Elon Musk ရဲ့ ကိုယ်ပိုင် AI ကုမ္ပဏီဖြစ်တဲ့ xAI ရဲ့ နည်းပညာနဲ့ ကိုယ်ပိုင် Operating System တစ်ခုကို သုံးထားလိမ့်မယ်လို့ ဆိုပါတယ်။ ဒါက Google ရဲ့ Android ဒါမှမဟုတ် Apple ရဲ့ iOS လို တခြားကုမ္ပဏီတွေရဲ့ စနစ်ထဲမှာ ပိတ်မိမနေအောင် လုပ်ဆောင်တာပါ။ SpaceX နဲ့ Tesla တို့မှာ စက်ရုံပိုင်း အတွေ့အကြုံတွေ အများကြီးရှိတဲ့အပြင် Starlink Mobile လိုမျိုး ဆက်သွယ်ရေးနည်းပညာတွေပါ ရှိတာကြောင့် တကယ်ထုတ်မယ်ဆိုရင်လည်း မဖြစ်နိုင်စရာတော့ မရှိပါဘူး။

ဒီလို AI device မျိုးကို OpenAI ကလည်း Apple ရဲ့ ဒီဇိုင်နာဟောင်း Jony Ive နဲ့ပေါင်းပြီး အပြင်းအထန် ဖန်တီးနေပါတယ်။ ဒါကြောင့် OpenAI က လုပ်နေရင် Musk ကလည်း သူ့ထက်သာအောင် တစ်ခုခု လုပ်ပြချင်တာကတော့ ဖြစ်နေကြပါပဲ။ လက်တွေ့မှာ AI hardware ဈေးကွက်က အရှုံးတွေနဲ့ပဲ ရင်ဆိုင်နေရတာဖြစ်ပြီး Humane AI Pin တို့၊ Rabbit R1 တို့လို အစောပိုင်းထွက်ခဲ့တဲ့ AI device တွေကလည်း ဈေးကွက်ထဲမှာ အကြီးအကျယ် ရုန်းကန်ခဲ့ရဖူးပါတယ်။
ခြုံပြီးသုံးသပ်ရရင်တော့ နည်းပညာကုမ္ပဏီကြီးတွေက စမတ်ဖုန်းတွေကို ကျော်လွန်ပြီး AI သီးသန့်သုံးနိုင်မယ့် စက်အသစ်တွေကို ထုတ်ဖို့ ကြိုးစားနေကြတာ ရှင်းပါတယ်။ ဒါပေမယ့် တကယ်တမ်း သတိထားရမှာက “ကုမ္ပဏီတွေက ရောင်းချင်ရုံနဲ့ သုံးစွဲသူတွေက ဝယ်ချင်ကြမလား” ဆိုတဲ့ အချက်ပါပဲ။ လူတိုင်း လက်ထဲမှာ ဖုန်းတစ်လုံးနဲ့ AI app တွေ ရှိနေပြီးသားဖြစ်လို့ ဒီလို AI စက်အသစ်တွေက သာမန်ဖုန်းတွေထက် ဘာတွေပိုပြီး ထူးထူးခြားခြား လုပ်ပေးနိုင်မလဲဆိုတာကပဲ သူတို့ရဲ့ အောင်မြင်မှုကို ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ထင်မိပါတယ်။