ChatGPT ကို အီတလီ အစိုးရက အသုံးပြုခွင့် ပိတ်ပင်

AI နယ်ပယ်မှာ နာမည်ကြီးနေတဲ့ ChatGPT ကို အီတလီက Ban လိုက်ပြီလို့ သိရပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေထဲမှာ ပထမဦးဆုံး ChatGPT ကို Ban တာပဲ ဖြစ်ပါတယ်။

ChatGPT က နောက်ဆုံးမိတ်ဆက်ခဲ့တဲ့ GPT-4 ဟာ အရမ်းကို အားကောင်းလွန်းတာကြောင့် OpenAI ရဲ့ CEO ကတောင် AI ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကြောက်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် Elon Musk ကိုယ်တိုင်လည်း ChatGPT ကို ၆လအတွင်း ထပ်ပြီးအဆင့်မြှင့်ခြင်းကို ဆိုင်းငံ့ဖို့ တောင်းဆိုသူထဲ ပါဝင်နေတာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ အီတလီရဲ့ data ကာကွယ်ရေးဆိုင်ရာ အာဏာပိုင်များက ChatGPT ကို လုံခြုံရေးဆိုင်ရာအရ နိုင်ငံထဲတွင် အသုံးပြုရန် တားမြစ်လိုက်ပြီလို့ သိရပါတယ်။

ChatGPT

အီတလီ data ကာကွယ်ရေးအာဏာပိုင်များရဲ့ ပြောပြမှုအရ ChatGPT ဟာ သူတို့နိုင်ငံရှိ လုပ်သားများကို ထိခိုက်ခြင်း၊ လိမ်လည်မှုနဲ့ ဘက်လိုက်မှုများကိုလည်း ဖြစ်ပေါ်စေနိုင်သလို ဥပဒေအရလည်း မကိုက်ညီဘူးလို့ သိရပါတယ်။ အီတလီ watch dog အဖွဲ့အစည်က ChatGPT ဟာ လူတိုင်းအသုံးပြုနိုင်သလို Google ရဲ့ Bard လိုမျိုး အသက်အပိုင်းအခြား ကန့်သတ်မှုလည်း မပြုလုပ်ထားတာကြောင့် လူငယ်များအတွက် စိုးရိမ်စရာတွေရှိတယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် ChatGPT ဟာ data ချိုးဖောက်မှုဆိုင်ရာမှာလည်း ပြုလုပ်နိုင်ကြောင်းကို ရှာဖွေတွေ့ရှိထားတာဖြစ်လို့ နိုင်ငံ့လုံခြုံရေးအတွက် ထိခိုက်လာနိုင်တယ်လို့ အီတလီ watch dog က ထောက်ပြထားပါတယ်။

အီတလီ data ကာကွယ်ရေး ကော်မရှင်က အခုလိုမျိုး ဥပဒေနဲ့ မကိုက်ညီတဲ့ ChatGPT ကို ဒဏ်ငွေအဖြင့် ယူရိုသန်း ၂၀ (သို့) ဒေါ်လာ ၂၁.၇ သန်း ပေးဆောင်ရန် ပြောထားပြီး အီတလီနိုင်ငံအတွင်း အသုံးပြုခွင့် ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။ အီတလီ data ကာကွယ်ရေးက အခုလိုချမှတ်လိုက်တာကို EU data ကာကွယ်ရေးအဖွဲ့နှင့် UK data ကာကွယ်ရေးအဖွဲ့တို့က ထောက်ခံထားပြီး သူတို့လည်း ChatGPT ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အခုလို အနောက်နိုင်ငံကြီးတွေက ChatGPT ရဲ့ လုပ်ဆောင်နိုင်စွမ်းကို သတိထားနေကြပြီဆိုတော့ ဒီပြဿနာကို OpenAI ဘက်က ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားမလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version