Hyundai နဲ့ Samsung တို့ဟာ AI Chips များထုတ်လုပ်တဲ့ Tentorrent ကုမ္ပဏီမှာ $100M ရင်းနှီးမြှုပ်နှံ

ကားထုတ်လုပ်ရေးလုပ်ငန်းစု ကုမ္ပဏီဖြစ်တဲ့ Hyundai နဲ့ Samsung တို့ဟာ AI Chips များ ထုတ်လုပ်တဲ့ Tentorrent ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ကနေဒါနိုင်ငံ၊ Toronto မြို့အခြေစိုက် Chips ထုတ်လုပ်ရေးကုမ္ပဏီ Tentorrent ကို ၂၀၁၆ ခုနှစ်မှာ AMD ရဲ့ အင်ဂျင်နီယာဟောင်း Ivan Hamer ၊ AMD ရဲ့ Integrated Circuit Design ဒါရိုက်တာဟောင်း Ljubisa Bajic နှင့် AMD ရဲ့ Firmware အင်ဂျင်နီယာဟောင်း Milos Trajkovic တို့က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ Tentorrent က ကျင်းပခဲ့တဲ့ Hardware Startup ပွဲမှာ ကုမ္ပဏီရဲ့ အင်ဂျင်နီယာ Jim Keller က သူတို့ရဲ့ ကုမ္ပဏီအတွက် ဒေါ်လာ ၁၀၀ မီလီယံကို Hyundai Motor Group နဲ့ Samsung Catalyst ရန်ပုံငွေ တို့မှ ရရှိခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။

အမှန်တကယ်တော့ ၎င်း ဒေါ်လာ ၁၀၀ မီလီယံအနက် ၅၀ မီလီယံဟာ Hyundai Motor (၃၀ မီလီယံ) နှင့် Kia (၂၀ မီလီယံ) တို့ဖြစ်ကြပြီး ကျန်ဒေါ်လာ ၅၀ မီလီယံမှာ Samsung Catalyst နှင့် အခြား VC ရန်ပုံငွေများ ဖြစ်ကြောင်း သိရပါတယ်။ Tenstorrent ရဲ့ ပြောပြမှုအရ ၎င်း ဒေါ်လာ ၁၀၀ မီလီယံကို Chips များထုတ်လုပ်ဖို့ဖြစ်ပြီး အထူးသဖြင့် CPUs နဲ့ AI Co-processor တွေကို ရွေ့လျားနိုင်တဲ့ ယာဥ်များနှင့် စက်ရုပ်များအတွက် ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။ Tenstorrent ကုမ္ပဏီမှာ Hyundai နဲ့ Samsung အပြင်အခြား ပါတနာ ကုမ္ပဏီများလည်း ရှိနေပါသေးတယ်။ ၂၀၂၁ ခုနှစ်တုန်းက Tenstorrent ဟာ အိန္ဒိယအခြေစိုက် Server စနစ်တည်ဆောက်ရေး ကုမ္ပဏီ Bodhi Computing နှင့် LG ကုမ္ပဏီ တို့နဲ့လည်း ပါတနာ လုပ်ထားတာ တွေ့ရပါတယ်။

ခန့်မှန်းချက်တွေအရ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၄၅၀ ဘီလီယံ ရှိတဲ့ Semiconductor စျေးကွက်မှာ AI Chips တွေဟာ ၂၀ ရာနှုန်းအထိ ရောက်ရှိလာနိုင်ကြောင်း တွေ့ရပါတယ်။ AI Chips များထုတ်လုပ်နေတဲ့ The Insight Partners ကုမ္ပဏီရဲ့ ပြောပြမှုအရ ၂၀၁၈ ခုနှစ်တုန်းက ၎င်းတို့ရဲ့ AI Chips ရောင်းချမှုဟာ ဒေါ်လာ ၅.၇ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၇ ခုနှစ်မှာ ဒေါ်လာ ၈၃.၃ ဘီလီယံ အထိ တိုးတက်လာနိုင်တာကြောင့် နှစ်စဥ်တိုးတက်မှုနှုန်းဟာ ပျမ်းမျှအားဖြင့် ၃၅ ရာနှုန်းအထိ ရှိကြောင်း သိရပါတယ်။ ဒါဟာ AI Chips မဟုတ်တဲ့ Chips များရဲ့ တိုးတက်မှုနှုန်းထက် ၁၀ ဆ နီးပါးလောက် ပိုနေတာ ဖြစ်ပါတယ်။

AI Chips တွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီများထဲမှာ Google ၊ Microsoft နှင့် Amazon တို့လည်း ပါဝင်နေတာကြောင့် အနာဂတ်မှာ AI Chips များစွာထွက် ပေါ်လာတော့မှာဖြစ်ပြီး အနာဂတ်ရဲ့ ကားများ၊ ဖုန်းများ၊ ကွန်ပျူတာများ နှင့် စက်ရုပ်များ အစရှိတဲ့ ပစ္စည်းများမှာ AI Chips တွေကို မြင်တွေ့လာရတော့မှာ ဖြစ်ပါတယ်။

Exit mobile version