Google ဟာ AI နဲ့ ကြီးမားတဲ့ Data တွေကို Analytics လုပ်ဖို့ BigQuery Studio ကို တည်ဆောက်

ယနေ့ခေတ် ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ များပြားလှတဲ့ Data တွေကို အောက်ဆုံးအထိ ထိန်းချုပ်နိုင်ဖို့ အလွန်ခက်ခဲလာကြပါတယ်။ NewVantage ရဲ့ လေ့လာထားချက်အရ ကမ္ဘာတစ်ဝှမ်းရှိ ၉၇.၆ ရာနှုန်းသော အဖွဲ့အစည်းများဟာ AI နဲ့ ကြီးမားတဲ့ Data တို့အပေါ် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒါ့အပြင် ၆၅ ရာနှုန်းသော အဖွဲ့အစည်းများဟာ သူတို့ရဲ့ များပြားလှတဲ့ Data တွေကို Analytics လုပ်ဖို့ရန် အခက်တွေ့နေကြပါတယ်။

ဒီအချက်ကို Google က ကောင်းကောင်း သဘောပေါက်ထားတာကြောင့် BigQuery Studio ကို တည်ဆောက်ကာ ၎င်းပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ BigQuery ဆိုတာဟာ Serverless Data Warehouse တစ်ခုဖြစ်တာကြောင့် Cloud ပုံစံမျိုးနဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ BigQuery မှာ Programming Languages တွေဖြစ်တဲ့ SQL ၊ Python နဲ့ Spark တို့နဲ့ Analytics ပြုလုပ်နိုင်မှာ ဖြစ်ပြီး Machine Learning ကိုတော့ “Petabyte scale” နဲ့ အလုပ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။

Google ရဲ့ ဒုဥက္ကဋ္ဌ နှင့် အချက်အလက်ခွဲခြမ်းစိတ်ဖြာရေးဆိုင်ရာ အထွေအထွေမန်နေဂျာ ဖြစ်သူ Gerrit Kazmaier က “BigQuery Studio ဟာ တစ်ဖက်မှာ Data နဲ့ အလုပ်လုပ်နေရသလို အခြားအတစ်ဖက်မှာလည်း AI နဲ့ အလုပ်လုပ်နေရသူများအတွက် အမှန်တကယ် အတွေ့အကြုံအသစ်တွေ ယူဆောင်ပေးမှာ ဖြစ်တယ်” လို့ပြောထားပြီး “၎င်းရဲ့ အခြေခံဟာ လူတွေအလုပ်လုပ်ဖို့ လိုအပ်တဲ့ ဝန်ဆောင်မှုတွေ အားလုံးရရှိမှာ ဖြစ်သလို အသုံးပြုသူများရဲ့ အတွေ့အကြုံပိုင်းမှာလည်း ရိုးရှင်းစေမှာ ဖြစ်တယ်” လို့ ပြောပြထားပါတယ်။

BigQuery Studio ဟာ Data ရှာဖွေရေး၊ ခွဲခြမ်းစိတ်ဖြာရေးနှင့် ပြင်ဆင်ရေး တို့ကို ပြုလုပ်နိုင်ရန် ဒီဇိုင်းလုပ်ထားတာကြောင့် ၎င်းကို အသုံးပြုသူများဟာ Data များကို အတည်ပြုခြင်းနဲ့ ပြင်ဆင်မှုတို့ကို ပြုလုပ်နိုင်သလို Google ရဲ့ Machine Learning Platform ဖြစ်တဲ့ Vertex AI ကို အသုံးပြုကာ AI အလုပ်များကို လုပ်နိုင်အုံးမှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ အဖွဲ့နဲ့ အလုပ်လုပ်တဲ့အခါ BigQuery မှာ အလုပ်လုပ်မယ့် အဖွဲ့ဝင်များအားလုံး ချိတ်ဆက်ကာ အလုပ်လုပ်နိုင်မှာ ဖြစ်သလို လုပ်ငန်းအဆင့် အုပ်ချုပ်ရေး၊ စည်းမျဥ်းနဲ့ လိုက်နာမှုများကိုပါ ထိန်းချုပ်နိုင်အုံးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

တိုင်းတာမှုတစ်ခုအရ ဒီနှစ်အတွင်း တစ်ကမ္ဘာလုံးရှိ Public Cloud ဝန်ဆောင်မှု သုံးစွဲမှုဟာ ၂၁ ရာနှုန်း ငွေကြေးအားဖြင့် $592 Billion လောက်အထိ တိုးတက်ခဲ့ကြောင်း သိရပါတယ်။ ဒါ့ကြောင့် Google ဟာ BigQuery Studio ကို ဖန်တီးပြီး AI နဲ့ ပတ်သက်တဲ့ လုပ်ငန်းများကို Cloud ပုံစံဖြစ်အောင် စတင်ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ နည်းပညာဆိုင်ရာ ဈေးကွက်သုတေသန ကုမ္ပဏီ Tractica ရဲ့ ခန့်မှန်းထားချက်အရ ၂၀၂၅ ခုနှစ်မှာ AI ဟာ Public Cloud ဝန်ဆောင်မှုများရဲ့ စုစုပေါင်း ဝင်ငွေ ၅၀ ရာနှုန်းအထိ တိုးမြင့်လာနိုင်ကြောင်း သိရပါတယ်။

Exit mobile version