Google Bard မှာ AI Image တွေ ဖန်တီးနိုင်ပြီ

Google ဟာ Bard AI Chatbot မှာ ရုပ်ပုံတွေ ဖန်တီးနိုင်တဲ့ AI Image Generator ကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ ၎င်း AI Imgae Generator ကို Google ရဲ့ Imagen 2 လို့ခေါ်တဲ့ Text-To-Image Model နဲ့ ဖန်တီးထားကြောင်း သိရပါတယ်။

OpenAI ရဲ့ ChatGPT မှာ အသုံးပြုထားတဲ့ AI Image Generator ဟာ DALL-E 3 ဖြစ်ပြီး GPT-4 မှာသာ လစဥ်ကြေးပေးပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် Google ရဲ့ Bard မှာ ထည့်သွင်းပေးလိုက်တဲ့ AI Image Generator ကတော့ လူတိုင်း Free အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ AI Image Generator ကို Free အသုံးပြုခွင့် ပေးလိုက်ခြင်းကြောင့် ဖြစ်ပွားလာမယ့် အကျိုးဆက်တွေကိုလည်း Google က ကြိုတင်ပြင်ဆင်ထားတာ တွေ့ရပါတယ်။

Google ရဲ့ ပြောပြမှုအရ Bard နဲ့ ပြုလုပ်လိုက်တဲ့ AI Image တွေမှာ AI နဲ့ ဖန်တီးထားကြောင်း ဖော်ပြတဲ့ စာသားကို တစ်ခါတည်းထည့်သွင်းထားမှာ ဖြစ်ပြီး နာမည်ကြီး လူပုဂ္ဂိုလ်များရဲ့ ရုပ်ပုံများ ဖန်တီးမှုနဲ့ လိင်ပိုင်းဆိုင်ရာ ရုပ်ပုံများ ဖန်တီးမှု အစရှိတဲ့ လူ့ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ပုံများဖန်တီးခြင်းတို့ကို ကန့်သတ်ထားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အသုံးပြုသူများအနေနဲ့ Google Engine ကို တိုက်ရိုက် Review ပေးနိုင်ဖို့အတွက် Imagen 2 နဲ့ ပြုလုပ်ထားတဲ့ ImageFX လို့ခေါ်တဲ့ Photo Tool ကိုလည်း မိတ်ဆက်ပေးခဲ့ပြီး ၎င်းဟာ မနှစ်က ထုတ်လုပ်ပေးခဲ့တဲ့ AI Tools တွေ ဖြစ်တဲ့ MusicFX နှင့် TextFX တို့နဲ့လည်း ချိတ်ဆက်ပေးထားကြောင်း သိရပါတယ်။ ၎င်း AI Tools တွေကို Google Labs ထဲမှာ စမ်းသပ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Google ရဲ့ Image Generator ကို လက်ရှိမှာ အင်္ဂလိပ်ဘာသာ တစ်မျိုးတည်းနဲ့သာ အသုံးပြုနိုင်အုံးမှာ ဖြစ်ပြီး ပုံမှန် Chatbot မှာတော့ ဘာသာစကားပေါင်း (၄၀) ကျော်ကို နိုင်ငံပေါင်း (၂၃၀) ကျော်မှာ အသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။ Google ဟာ Bard AI Chatbot ကို အဆင့်မြင့် Gemini Pro Large Language Model နဲ့ အဆင့်မြှင့်တင်ပေးထားသလို အခုမှာလည်း Image Generator ကိုပါ ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Gemini Ultral ဟာလည်း မကြာမီ အဆင်သင့်ဖြစ်တော့မှာ ဖြစ်တာကြောင့် Google ရဲ့ AI ဟာ ၂၀၂၄ ခုနှစ်မှာ ဘယ်လောက်အထိ ကျွန်တော်တို့အတွက် အကျိုးပြုလာနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

Exit mobile version