Elon Musk ရဲ့ လူ့ဦးနှောက်ထဲ Chips ထည့်ရန် ကြိုးစားနေတဲ့ ကုမ္ပဏီရဲ့ မတည်ငွေ ဒေါ်လာ ၄၃ မီလီယံ ထပ်တိုး

၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ California အခြေစိုက် Neuralink ကုမ္ပဏီရဲ့ မတည်ငွေကို ဒေါ်လာ ၄၃ မီလီယံ တိုးလိုက်ကြောင်း US ရှိ လုံခြုံရေးနှင့် လဲလှယ်ရေး ကော်မရှင် (SEC) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Neuralink ဟာ Elon Musk နှင့် သိပ္ပံပညာရှင် (၇) ဦးအပါအဝင် အင်ဂျင်နီယာများဖြင့် ဖွဲ့စည်းတည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ဦးနှောက်ရှိ အာရုံကြောများထဲကို အလွန်သေးငယ်တဲ့ ချည်မျှဥ်များ ထည့်သွင်းကာ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို စောင့်ကြည့်နိုင်မယ့် စက်တစ်မျိုးကို တီထွင်နေတာ ဖြစ်ပါတယ်။ ၎င်းစက်ဟာ အရင်ကတည်းက တီထွင်ပြီးသားဖြစ်ပေမယ့် Neuralink ကတော့ Wireless စနစ်နဲ့ အသုံးပြုနိုင်မယ့် စက်ကို တီထွင်နေတာဖြစ်ပြီး မေလတုန်းက FDA ရဲ့ ခွင့်ပြုချက်ကြောင့် လူသားတွေမှာ စမ်းသပ်ခွင့်ကို ရရှိခဲ့ပါတယ်။

Neuralink ရဲ့ Project ကို စမ်းသပ်ခဲ့စဥ်တုန်းက သိပ္ပံပညာရှင်ဟာ မျောက်များကို မတရား ညှဥ်းပန်းနှိပ်စက်ကာ အသုံးပြုခဲ့ပြီး မျောက်အများအပြား သေဆုံးခဲ့ရတယ်လို့ သတင်းများ ထွက်ပေါ်လာတာကြောင့် US ရဲ့ စိုက်ပျိုးရေးဌာနမှ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ညှဥ်းပန်းနှိပ်စက်ခဲ့တဲ့ အချက်အလက်များ မတွေ့ရကြောင်းကို ၂၀၂၂ ခုနှစ်မှာ ပြန်လည်ထုတ်ပြန် ထားပါတယ်။ ၎င်းဖြစ်စဥ်ပြီးနောက် Neuralink ဟာ သုတေသနလုပ်ငန်းများရဲ့ လုံခြုံရေးနဲ့ စည်းကမ်းချက်များကို အရင်ကထက် ပိုမိုတင်းကြပ်ကာ ဆောင်ရွက်နေကြောင်း သိရပါတယ်။

Neuralink ကုမ္ပဏီဟာ ၎င်းတို့ ကုမ္ပဏီရဲ့ တန်ဖိုးကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှာ ပုဂ္ဂလိကကုမ္ပဏီအနေနဲ့ Stock Trades မှာ ပါဝင်ခဲ့ပြီးနောက် ဒေါ်လာ ၅ ဘီလီယံဝန်းကျင် တန်ဖိုးရှိကြောင်း Reuters သတင်းဌာနက စတင်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အခု SEC ရဲ့ ထုတ်ပြန်မှုအရ Neuralink ကုမ္ပဏီရဲ့ မတည်ငွေဟာ သြဂုတ်လ အစောပိုင်းမှစလို့ ဒေါ်လာ ၂၈၀ မီလီယံ မှ ၃၂၃ မီလီယံ အထိ စုစုပေါင်း ၄၃ မီလီယံ တိုးမြှင့်ခဲ့ကြောင်း သိရပါတယ်။

Exit mobile version