Discord ကလည်း ChatGPT ကိုအခြေခံထားတဲ့ Clyde chatbot နဲ့ အခြား AI features တွေကို မိတ်ဆက်

Discord က ChatGPT နည်းပညာကို အခြေခံထားတဲ့ Clyde chatbot ကို မကြာမှီလာမယ့် Update မှာ ထည့်သွင်းပေးမှာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Clyde chatbot ကို ထည့်သွင်းရတာက Discord ကို အဆင့်မြှင့်ချင်လို့ဖြစ်သလို Discord အသုံးပြုသူများအနေနဲ့ တစ်ဦးနဲ့ တစ်ဦးစကားပြောရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ တစ်ဦးနဲ့ တစ်ဦးစကားပြောတဲ့အခါ မသိတာတွေရှိရင် Clyde ကို မေးလို့ရမှာဖြစ်ပြီး မိမိအစား Clyde ကို စကားပြောခိုင်းလို့တော့မရဘူးလို့ Discord က ပြောထားပါတယ်။ Clyde chatbot ကို စမ်းသပ်ကာလအတွင်း Discord အသုံးပြုသူအားလုံး အကန့်အသတ်နဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Clyde Chatbot
Chatting with Clyde

Discord ရဲ့ ecosystem ဆိုင်ရာ ခေါင်းဆောင်ဖြစ်သူ Anjney Midha က “Clyde ဟာ Discord မှာ နှစ်ပေါင်းများစွာ ရှင်သန်နေမှာပါ၊ ကျွန်တော်တို့လည်း Clyde ကို ဒီထပ်ပိုကောင်းအောင်နဲ့ ပိုပြီး ပျော်စရာဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စိတ်ဝင်စားနေပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါဟာ အန္တာရယ်များတဲ့ လောင်းကစားတစ်ခုပါပဲ၊ Clyde ဟာ ယခုအချိန်မှာ ChatGPT နည်းပညာကို ယူသုံးထားတာ ဖြစ်ပါတယ်၊ ChatGPT ကို ယူသုံးထားတဲ့ Microsoft ရဲ့ Bing Chatbot မှာ မှားယွင်းတဲ့ ဖြေကြားမှုတွေ ရှိခဲ့သလို ရိုင်းပြတဲ့ ဖြေကြားမှုတွေလည်း ရှိခဲ့တာကြောင့် Clyde ကို စသုံးတဲ့အချိန်မှာ ကျွန်တော်တို့လည်း သတိထားရမယ်လို့ Midha က ပြောထားပါသေးတယ်။

Discord ဟာ Clyde နဲ့အတူ AutoMod လို့ခေါ်တဲ့ အလိုအလျှောက် ထိန်းညှိတဲ့ Tools တစ်မျိုးကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ AutoMod ကတော့ အခုထဲက စတင်အလုပ်လုပ်နေပြီး Discord စည်းကမ်းတွေနဲ့ မကိုက်ညီတဲ့ ၄၅ သန်းသော စာတိုတွေကို Block လိုက်ပြီ ဖြစ်တယ်လို့လည်း Discord က ပြောထားပါတယ်။ ဒါ့အပြင် Discord ဟာ နောက်ပိုင်းမှာ ထည့်ထပ်လာမည့် AI ကို ရှေ့ပြေးပုံအနေနဲ့လည်း ဖော်ပြထားပါသေးတယ်။

Discord’s Whiteboard

Discord ရဲ့ နောက်ပိုင်း ထပ်ထည့်လာမယ့် AI ဟာ အပေါ်မှာ မြင်ရတဲ့အတိုင်း Whiteboard ပုံစံဖြစ်ပြီး မိမိသူငယ်ချင်းဆီ ပို့ချင်တဲ့ပုံကို အကြမ်းဆွဲလိုက်တာနဲ့ AI က အဲပုံနဲ့ လိုက်တဲ့ အလှဆုံးပုံတစ်ပုံကို ပြန်ဆွဲပေးမှာ ဖြစ်ပါတယ်။ ဒီ AI နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ Discord က ပြောပြထားတာမရှိပါဘူး။ AI တွေ ခေတ်စားလာတဲ့ အချိန်မှာ Midjourney လို AI တွေက Discord Server ကိုယူသုံးထားသလို Discord ကလည်း ကိုယ်ပိုင် AI ကို Discord မှာ ထည့်သွင်းတော့မှာဆိုတော့ ရှေ့ဆက် AI လောကမှာ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

Exit mobile version