မေလ ၂၉ ရက်နေ့ တနင်္လာနေ့မှာ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao က Chips ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်ကို ရပ်တန့်ပေးဖို့ ဂျပန်ကို တိုက်တွန်းပြောဆိုခဲ့ကြောင်း သိရပါတယ်။
အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ညီလာခံတွင် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao က Semiconductor တင်ပို့ရောင်းချမှုနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်ဟာ မှားယွင်းတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်သလို နိုင်ငံတကာ စီးပွားရေးနဲ့ ကုန်သွယ်မှု စည်းမျဉ်းများကိုလည်း ချိုးဖောက်နေတာ ဖြစ်ကြောင်း ဖော်ပြကာ ၎င်းကိုရပ်တန့်ပေးဖို့ ဂျပန်အား အလေးအနက် တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၆ ရက်နေ့တုန်းကလည်း Wang Wentao က ပို့ကုန်ကန့်သတ်မှုနဲ့ ပတ်သက်ပြီး ဂျပန်ကုန်သွယ်ရေးဝန်ကြီး Yasutoshi Nishimura အား ရှုံ့ချပြောဆိုမှု ပြုလုပ်ခဲ့ပါသေးတယ်။
ဂျပန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက နယ်သာလန်နဲ့အတူ US ရဲ့ ပို့ကုန်ထိန်းချုပ်မှု စည်းကမ်းချက်များကို လိုက်နာဖို့ သဘောတူခဲ့ပြီးနောက် အခုလို တရုတ်နဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ US ရဲ့ ပို့ကုန်ထိန်းချုပ်မှု စည်းကမ်းချက်မှာ အဓိကအားဖြင့် တရုတ်ကို Chips တွေရောင်းချမှုအား ကန့်သတ်ရန်ဖြစ်ပြီး ၂၃ မျိုးသော Semiconductor တွေကို ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံများအား ရောင်းချမှု မပြုလုပ်ဖို့ရန် ဖြစ်ပါတယ်။ အခုလို Semiconductor တင်ပို့မှုကန့်သတ်ရတဲ့ US ရဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ကို နျူကလီးယားစနစ် ဖွံ့ဖြိုးရေးနဲ့ ဥာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးရေးကို လျော့ချဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂျပန်ကုန်သွယ်ရေးဝန်ကြီး Yasutoshi Nishimura ဟာ အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Gina Raimondo နဲ့ သုတေသနလုပ်ငန်း၊ အဆင့်မြှင့် Chips တွေ ဖွံ့ဖြိုးရေး အပြင် Quantum Computing နဲ့ Artificial Intelligence တို့မှာပါ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ဦးသဘောမှုကို ပြီးခဲ့တဲ့ သောကြာနေ့မှာ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဂျပန်ဘက်ကတော့ ဂျပန်ဟာ တရုတ်ကို ခွဲခြားဖို့အတွက် လုပ်ဆောင်နေတာမဟုတ်ပဲ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပံ့ပိုးကူညီဖို့အတွက် သူ့ရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao ဟာ အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Gina Raimondo နဲ့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai တို့နဲ့ ထိပ်သီးအစည်းအဝေးမှာ တွေ့ခဲ့ကြပြီး Wang က အမေရိကန်ရဲ့ စီးပွားရေးစနစ်နဲ့ တရုတ်အပေါ်ထားရှိတဲ့ ကုန်သွယ်မှု မူဝါဒများကို ဝန်ဖန်ခဲ့ပြီး အမေရိကန် ဦးဆောင်တဲ့ တရုတ်မပါသော အင်ဒို-ပစိဖိတ် စီးပွားရေး မူဘောင်ဟာ အမေရိကန်ကို ဗဟိုပြုထားပြီး အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို ရည်ရွယ်ကာ လုပ်ဆောင်နေကြောင်း ပြောခဲ့ပါတယ်။
ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် အမေရိကန်ဟာ AI နဲ့ ပတ်သက်ပြီး တရုတ်ဘက်မှာ ဖွံ့ဖြိုးလာမှာကို စိုးရိမ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ တရုတ်ရဲ့ နည်းပညာကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Baidu နဲ့ Alibaba အစရှိတဲ့ ကုမ္ပဏီကြီးတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင် AI အသီးသီးကို ဖန်တီးထားပြီးပြီဖြစ်လို့ တရုတ်ဘက်ကလည်း AI နဲ့ ပတ်သက်ပြီး နောက်ကျကျန်နေခဲ့တာမျိုး မရှိဘူးဆိုတာ တွေ့ရပါတယ်။ ဒီလိုဆိုတော့ AI တွေရဲ့ အားပြိုင်မှုဟာ နည်းပညာ ကုမ္ပဏီကြီးတွေ ကြားမှာတင် မဟုတ်ပဲ နိုင်ငံတကာအဆင့်တွေအထိ ပြောင်းလဲလာပြီ ဖြစ်ပါတယ်။
Discussion about this post