Apple ရဲ့ ဒီနှစ်အတွက် M5 MacBook Pro ဟာ မနှစ်က M4 MacBook Pro နဲ့ အမြင်အရ ယှဥ်ကြည့်မယ်ဆိုရင် ထွေထွေထူးထူး အများကြီး ပြောင်းလဲသွားတာမျိုး မတွေ့ရပေမယ့် Apple ကတော့ Performance အပိုင်းတွေမှာ ကွာခြားမှုရှိကြောင်း ပြောထားပါတယ်။
Apple ရဲ့ ပြောပြမှုအရ အဓိက အကြီးမားဆုံး ပြောင်းလဲမှုကတော့ Chip ပဲ ဖြစ်ပါတယ်။ Apple ရဲ့ M5 Chip ဟာ M4 Chip လိုမျိုး 10-core CPU ၊ 10-core GPU နဲ့ 16-core Neural Engine တို့ကိုပဲ အသုံးပြုထားတယ် ဆိုပေမယ့် Multithreaded Performance မှာ M4 Chip ထက် ၂၀ ရာနှုန်းလောက် ပိုသာကြောင်း Apple က ပြောပါတယ်။

GPU အပိုင်းမှာလည်း ကြီးမားတဲ့ ပြောင်းလဲမှု ပြုလုပ်ထားပြီး အထူးသဖြင့် GPU Core တစ်ခုခြင်းစီမှာ Neural Accelerators တွေကို အသုံးပြုပေးထားတာကြောင့် AI ကိစ္စတွေမှာ သိသိသာသာ ကွာခြားသွားမှာ ဖြစ်ကြောင်း Apple ရဲ့ ပြောပြမှုအရ သိရပါတယ်။ M4 နဲ့ ယှဥ်ရင် AI Performance မှာ ၃.၅ ဆ ၊ Pro App တွေမှာ Graphic Performance ၁.၆ ဆ နဲ့ Games တွေမှာ Frame Rate ၁.၆ ဆ ပိုကောင်း ပိုမြန်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Memory Bandwidth အပိုင်းမှာလည်း M4 ဟာ 120GB/s အထိပဲ ရှိပြီး M5 ကတော့ 153GB/s အထိ ရှိတာကြောင့် ၃၀ ရာနှုန်းလောက်အထိ ပိုကောင်းသွားမှာ ဖြစ်ပါတယ်။ ဒါတင်မကပဲ SSD Performance အပိုင်းမှာလည်း ၂ဆ ပိုမြန်တဲ့ SSD ကို အသုံးပြုပေးထားကြောင်းနဲ့ Storage မလောက်သူများအတွက် 4TB အထိ ရရှိအောင် ပြုလုပ်ပေးထားကြောင်း Apple က ပြောပါတယ်။
အနှစ်ချုပ်ပြီး သုံးသပ်လိုက်မယ်ဆိုရင် M4 MacBook Pro နဲ့ M5 MacBook Pro တို့ ကြားမှာ သိသိသာသာ ပြောင်းလဲမှု အများကြီး မရှိသေးတာကြောင့် M4 MacBook Pro အသုံးပြုနေသူများ အနေနဲ့ M5 MacBook Pro ကို မဝယ်သင့်သေးပါဘူး။ 4TB Storage ကို လိုချင်လို့ ဒါမှမဟုတ် M1 ၊ M2 တို့လို MacBook တွေကို အသုံးပြုနေတဲ့ သူများအတွက်တော့ M5 MacBook Pro ကို ဝယ်ဖို့ သင့်တော်မှာ ဖြစ်ပါတယ်။
Discussion about this post