Apple ဟာ တရုတ်နည်းပညာကုမ္ပဏီ Baidu ကို နည်းပညာခိုးယူမှုဖြင့် တရားစွဲဆို

Apple ရဲ့ အင်ဂျင်နီယာဟောင်း Weibao Wang နဲ့ တရုတ်နည်းပညာကုမ္ပဏီ Baidu တို့ကို Apple ရဲ့ လျှို့ဝှက် နည်းပညာတစ်ခုဖြစ်တဲ့ မောင်းသူမဲ့ နည်းပညာကို ခိုးယူမှုနဲ့ Apple ကုမ္ပဏီက တရားစွဲဆိုထားကြောင်း သိရပါတယ်။

အမေရိကန် တရားရေးဌာနမှာ တင်ထားတဲ့ စွဲချက်အရ Wang ဟာ Apple ကုမ္ပဏီမှာ ၂၀၁၆ ခုနှစ်ကစလို့ Software အင်ဂျင်နီယာအဖြင့် အလုပ်လုပ်ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် Apple ကုမ္ပဏီရဲ့ လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းဖို့ သဘောတူစာချုပ်ချုပ်ဆိုကာ Apple ရဲ့ လျှို့ဝှက် Project ဖြစ်တဲ့ မောင်းသူမဲ့ နည်းပညာဖန်တီးတဲ့ Project မှာ ပါဝင်ခဲ့ပါတယ်။

Wang ဟာ ၂၀၁၈ ခုနှစ်လောက်မှာ Apple ကို အသိမပေးပဲ အလုပ်မှ နှုတ်ထွက်ခဲ့ကာ အမေရိကန်အခြေစိုက် အခြားကုမ္ပဏီတစ်ခုရဲ့ လုပ်ငန်းခွဲမှာ အလုပ်လုပ်ရန် လက်ခံခဲ့တယ်လို့ သိရပါတယ်။ အဲဒီကုမ္ပဏီရဲ့ ရုံးချုပ်ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ တည်ရှိပြီး မောင်းသူမဲ့ကားတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဖန်တီးနေတဲ့ ကုမ္ပဏီဖြစ်ကြောင်း သိရပါတယ်။ Wang ဟာ Apple က နှုတ်မထွက်မှီ (၄) လ လောက်ကတည်းက အဆိုပါတရုတ်ကုမ္ပဏီအတွက် အလုပ်လုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Wang ဟာ Apple မှ နှုတ်မထွက်မှီ ရက်ပိုင်းအလိုမှာ Apple ရဲ့ လျှို့ဝှက် Database ကို ဝင်ကြည့်ခဲ့တယ်ဆိုတာ Apple က သိသွားတာကြောင့် ရဲတွေက Wang ရဲ့ အိမ်ကို ဝင်ရောက်ပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ Wang ဟာ သူ့အိမ်ကို စစ်ဆေးဖို့အတွက် ဝရမ်းကို လက်ခံခဲ့ပြီးနောက် အဲဒီညမှာပဲ လေယာဥ်နဲ့ တရုတ်ပြည်ကို ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ အမေရိကန် တရားရေးဌာနရဲ့ စွဲချက်ထဲမှာ Wang ရဲ့ တရုတ်ကုမ္ပဏီရှိ ရာထူးကို ဖော်ပြထားတာ မရှိပေမယ့် ပြီးခဲ့တဲ့ နှစ်တုန်းက Reuters သတင်းဌာနရဲ့ Post အရ Wang ဟာ Baidu ကုမ္ပဏီကြီးရဲ့ EV ကားဆိုင်ရာ လုပ်ငန်းခွဲဖြစ်တဲ့ Jidu မှာ မောင်းနှင်မှုစနစ်ကို ဖန်တီးရာမှာ ခေါင်းဆောင်ဖြစ်တယ်လို့ သိရကာ CNBC သတင်းဌာနကတော့ Jidu မှာ Wang ဟာ အမှုဆောင်တစ်ယောက်ဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

Wang ဟာ ယခုစွဲချက်အရ အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ် ကျခံရမှာ ဖြစ်သလို ငွေဒဏ် ဒေါ်လာ ၂သိန်းခွဲအပြင် ခိုးယူမှု (သို့မဟုတ်) ခိုးယူရန်ကြိုးစားမှုက ထွက်ပေါ်လာတဲ့ အကြိုးအမြတ် (သို့မဟုတ်) ဆုံးရှုံးမှုရဲ့ နှစ်ဆကိုလည်း ပြန်ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ Apple ရဲ့ မောင်းသူမဲ့စနစ် Project မှ လျှို့ဝှက်ချက်တွေကို ခိုးယူခံရတာ ပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နဲ့ ၂၀၁၉ လောက်တုန်းကလည်း ဝန်ထမ်း (၂)ဦးဟာ လျှို့ဝှက်ချက်တွေကို ခိုးယူခဲ့လို့ တရားစွဲခံခဲ့ရပြီး အင်ဂျင်နီယာဖြစ်သူ Xiaolang Zhang က အချက်အလက်တွေကို တရုတ် EV ကုမ္ပဏီ Xiaopeng Motors သို့ပေးခဲ့တယ်လို့လည်း စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

Exit mobile version