Apple ရဲ့ AI အသစ်အတွက် Gemini ကို အသုံးပြုနိုင်ချေ ရှိနေ

ဒီအပတ်ထဲမှာ ထွက်ရှိနေတဲ့ သတင်းများအရ Apple ဟာ ၎င်းတို့ရဲ့ အသစ်ထွက်ရှိမယ့် AI Features များအတွက် Google ရဲ့ Gemini ကို အသုံးပြုရန် စီစဥ်နေကြောင်း သိရပါတယ်။

Apple ဟာ လာမယ့် iOS 18 မှာ AI Features အသစ်များစွာ ပါဝင်လာမှာ ဖြစ်ကြောင်း တရားဝင်ထုတ်ပြောထားသလို ၎င်း Update ဟာလည်း Apple ရဲ့ Worldwide Developers Conference ပွဲကြီးမှာ ချပြသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ AI Features အသစ်များနဲ့ ပတ်သက်ပြီး Apple ဟာ Google နဲ့ ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသလို OpenAI နဲ့လည်း ညှိနှိုင်းမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ တစ်ဖက်မှာလည်း Apple ဟာ သူတို့ရဲ့ ကိုယ်ပိုင် LLMs Ajax နဲ့ တည်ဆောက်ထားတဲ့ Apple GPT ကိုလည်း ဖန်တီးနေကြောင်း သိရပါတယ်။

ဒါ့ကြောင့် Apple ဟာ သူတို့ရဲ့ AI Features အသစ်တွေအတွက် များစွာအားထည့်နေတာ တွေ့ရပြီး Google နဲ့ OpenAI ဘယ်သူ့ကို ရွေးချယ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ Google ရဲ့ Gemini ဟာ OpenAI ရဲ့ ChatGPT လောက်နီးပါး စွမ်းဆောင်ရည်မြင့်သလို Image Generator ပါ လုပ်ပေးနိုင်စွမ်း ရှိပါတယ်။ သို့ပေမယ့် OpenAI ရဲ့ ChatGPT ဟာလည်း AI နယ်ပယ်မှာ စွမ်းဆောင်ရည်အမြင့်ဆုံး AI တစ်ခု ဖြစ်နေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Apple ဟာ ဂျွန်လမတိုင်မီမှာ သူတို့ရဲ့ AI Features အသစ်တွေကို အပြီးသတ်ရမှာ ဖြစ်တာကြောင့် တစ်ခုခုကိုတော့ ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version