AI ရဲ့ Godfather ဖြစ်သူ Geoffrey Hinton ဟာ Google မှ အနားယူ

AI နည်းပညာရဲ့ ဦးဆောင်လမ်းပြဖြစ်ပြီး AI Godfather အဖြစ် တင်စားခြင်းခံထားရသူ Geoffrey Hinton ဟာ Google မှ အနားယူလိုက်ပြီ ဖြစ်ပါတယ်။ သူအလုပ်မထွက်မှီမှာ AI ရဲ့ ဆိုးကျိုးတွေကို ထောက်ပြသွားခဲ့ပါတယ်။

Geoffrey Hinton ပြောပြချက်အရ လက်ရှိအချိန်မှာ AI ဟာ ကျွန်တော်တို့ထပ် ဥာဏ်ရည်နိမ့်ပါးနေပေမယ့် မကြာတော့တဲ့အချိန်မှာ ကျွန်တော်တို့ထက် ဥာဏ်ရည်မြင့်မားလာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ AI နဲ့ ကျွန်တော်တို့ရဲ့ ဥာဏ်ရည်ကြားမှာ ကွာခြားမှုအကြီးကြီး ရှိပါတယ်၊ အဲတာက ကျွန်တော်တို့ရဲ့ ဥာဏ်ရည်က ဇီဝဗေဒစနစ်များနဲ့ တည်ဆောက်ထားတာဖြစ်ပြီး AI ကတော့ ဒီဂျစ်တယ်စနစ်နဲ့ တည်ဆောက်ထားတာပဲ ဖြစ်တယ်လို့ Geoffrey Hinton က ရှင်းပြခဲ့ပါတယ်။

Geoffrey Hinton

AI ဟာ ဒီဂျစ်တယ်စနစ်နဲ့ တည်ဆောက်ထားတာဖြစ်လို့ ပုံတူတွေအများကြီး ပွားလို့ရပါတယ်။ ဒါ့အပြင် ပွားထားတဲ့ ပုံတူ AI တစ်ခုကို ပညာတစ်ခုသင်ပေးလိုက်တာနဲ့ ကျန်ပုံတူ AI တွေအားလုံးဟာလည်း အဲဒီပညာကို တတ်မြောက်သွားမှာ ဖြစ်ပါတယ်လို့ Geoffrey Hinton က AI ရဲ့ အလုပ်လုပ်ပုံကို ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် AI တွေကို sub-goals ဆိုတဲ့ ဖန်တီးသူရဲ့ ရည်ရွယ်ချက်ကို ထည့်သွင်းပေးနိုင်တာကြောင့် လူဆိုးတစ်ယောက်ရဲ့ ရည်ရွယ်ချက်တွေကို AI ထဲမှာ ထည့်သွင်းပေးလိုက်တာနဲ့ ထို AI ဟာ ဆိုးသွမ်းတဲ့ AI တစ်ခု ဖြစ်သွားမှာ ဖြစ်တယ်လို့ Geoffrey Hinton ရှင်းပြချက်အရ သိရပါတယ်။

Geoffrey Hinton က “ကျွန်တော် Google ကိုတော့ မဝေဖန်ချင်ပါဘူး၊ ဒါပေမယ့် AI နဲ့ ပတ်သက်ပြီး ကုမ္ပဏီကြီးတွေအနေနဲ့ တာဝန်တွေအများကြီးရှိတယ်” လို့လည်း ပြောခဲ့ပါတယ်။ Geoffrey Hinton အနေနဲ့ Google မှ အလုပ်ထွက်ခဲ့တာဟာ အသက် ၇၅ နှစ်ရှိပြီဖြစ်တာကြောင့် အနားယူရမယ့် အရွယ်ရောက်လို့ဖြစ်ပြီး အလုပ်မထွက်မှီမှာ အခုလို AI ရဲ့ ဆိုးကျိုးတွေကို လူတွေသိနိုင်အောင် မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

Exit mobile version