Adobe ကတော့ AI ကို ပိုပြီးရင်းနှီးမြှုပ်နှံလာတာနဲ့အမျှ သူ့ရဲ့ နာမည်ကြီး 2D animation software ဖြစ်တဲ့ Adobe Animate ကို ရပ်ဆိုင်းတော့မယ်လို့ တရားဝင်ကြေညာလိုက်ပါပြီ။ သုံးစွဲသူတွေဆီ ပေးပို့ခဲ့တဲ့ email အရ Animate ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ တရားဝင်ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
ဒီသတင်းကြောင့် Animate ကိုသုံးနေတဲ့ user တွေကြားမှာတော့ ဝေဖန်သံတွေနဲ့ ဆူညံသွားခဲ့ပါတယ်။ တော်တော်များများက Animate လိုမျိုး feature အပြည့်အစုံပါတဲ့ တခြား software အစားထိုးစရာ မရှိမှာကို စိုးရိမ်နေကြတာပါ။ သုံးစွဲသူတစ်ယောက်က “Animate ကြောင့်ပဲ Adobe ကို subscribe လုပ်ထားတာ” လို့တောင် ဆိုခဲ့ပါတယ်။

Adobe ကတော့ “နည်းပညာတွေ ပြောင်းလဲလာတာနဲ့အမျှ” Animate က သူ့ရဲ့တာဝန်ကို ကျေပွန်ခဲ့ပါပြီလို့ အကြောင်းပြခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒါက Adobe က AI ကိုပဲ အဓိကဦးတည်သွားတော့မှာဖြစ်လို့ Animate က သူတို့ရဲ့ အနာဂတ်အစီအစဉ်မှာ မပါဝင်တော့ဘူးလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ဒီအကြောင်းကို Adobe Max conference မှာ Animate အကြောင်း လုံးဝမပြောခဲ့တာနဲ့ 2025 version အသစ်မထွက်ခဲ့တာတွေကတည်းက အရိပ်အမြွက်ပြခဲ့ပြီးသားပါ။
ပိုပြီးအံ့ဩစရာကောင်းတာက Adobe က Animate အစား ဘာကိုသုံးရမလဲဆိုတာကိုတောင် တိတိကျကျ အဖြေမပေးနိုင်ပါဘူး။ After Effects တို့ Adobe Express တို့လို app တွေက Animate ရဲ့ “အစိတ်အပိုင်းတချို့” ကိုပဲ အစားထိုးနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် user တွေကတော့ Moho Animation နဲ့ Toon Boom Harmony လိုမျိုး တခြား software တွေကို ပြောင်းသုံးဖို့ အချင်းချင်း အကြံပြုနေကြပါတယ်။
ခြုံပြောရရင်တော့ ဒါက Adobe က သူ့ရဲ့ classic software တွေထက် AI ကိုပဲ အနာဂတ်အဖြစ် မြင်နေပြီဆိုတာကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာပါပဲ။ Animate ကို download လုပ်ထားပြီးသားသူတွေအတွက်တော့ software က ဆက်လက်အလုပ်လုပ်နေဦးမှာဖြစ်ပေမယ့် update အသစ်တွေနဲ့ support တွေတော့ ရတော့မှာ မဟုတ်ပါဘူး။