Apple က Mac သုံးသူတွေအတွက် အကြီးမားဆုံး အပြောင်းအလဲတစ်ခုကို ယူဆောင်လာတော့မယ့်ပုံပါပဲ။ Bloomberg ရဲ့ သတင်းအရ Apple က Touchscreen, OLED display နဲ့ Dynamic Island ပါဝင်တဲ့ MacBook Pro အသစ်ကို ၂၀၂၆ ခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ ‘Mac မှာ touchscreen ထည့်မှာမဟုတ်ဘူး’ လို့ အကြိမ်ကြိမ်ပြောခဲ့တဲ့ Apple က အခုတော့ သူ့စကားကို ပြန်ရုပ်သိမ်းလိုက်ပါပြီ။ ဒီ MacBook Pro အသစ်က display ပေါ်မှာ touch နဲ့ တိုက်ရိုက်အသုံးပြုနိုင်မှာဖြစ်ပြီး macOS ကိုလည်း touch နဲ့ပိုအဆင်ပြေအောင် ပြန်လည်ဒီဇိုင်းထုတ်သွားမှာပါ။ Menu bar တွေကို လက်နဲ့ထိလိုက်ရင် ပိုကြီးပြီးသုံးရလွယ်တဲ့ control တွေ ပေါ်လာမှာဖြစ်ပါတယ်။ Notch နေရာမှာလည်း iPhone တွေလိုပဲ အပြန်အလှန်သုံးနိုင်တဲ့ Dynamic Island နဲ့ အစားထိုးသွားမှာပါ။

အတွင်းပိုင်းမှာတော့ 2-nanometer process နဲ့ထုတ်လုပ်ထားတဲ့ M6 Pro နဲ့ M6 Max chip အသစ်တွေကို သုံးစွဲလာမှာဖြစ်ပြီး display ကလည်း OLED ဖြစ်လာမှာပါ။ ဒီဇိုင်းပိုင်းမှာတော့ လက်ရှိ MacBook Pro တွေနဲ့ အများကြီးကွာခြားမှာမဟုတ်ပေမယ့် ကိုယ်ထည်ကတော့ ပိုပါးလာနိုင်ပါတယ်။ Keyboard နဲ့ trackpad ကတော့ ဆက်ရှိနေဦးမှာပါပဲ။
တကယ်တမ်းမှာတော့ ဒါက MacBook Pro ရဲ့ သမိုင်းတစ်လျှောက် အကြီးမားဆုံး အပြောင်းအလဲတွေထဲက တစ်ခုဖြစ်လာနိုင်ပါတယ်။ Apple က iPad ရဲ့ အားသာချက်ဖြစ်တဲ့ touch input နဲ့ Mac ရဲ့ အားသာချက်ဖြစ်တဲ့ pro-level performance တို့ကို ပေါင်းစပ်ဖို့ ကြိုးစားလာတာပါ။ ဒီ MacBook Pro အသစ်က Mac ရဲ့ အနာဂတ်ဟာ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကို စတင်ပုံဖော်ပေးမယ့် device တစ်ခုဖြစ်လာမှာ သေချာပါတယ်။