Stability AI အတွက် Version အသစ် Stable Diffusion XL 1.0 ကို မိတ်ဆက်

စာသားတွေမှ ဓာတ်ပုံတွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ Stability AI ကို ဖန်တီးထားတဲ့ Stable Diffusion ကုမ္ပဏီဟာ Stable Diffusion XL 1.0 ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

Stable Diffusion XL 1.0 ဟာ အရင်ထွက်ထားတဲ့ Stable Diffusion XL 0.9 ထပ် ဖန်တီးပေးနိုင်မှု မြင့်မားသလို ထွက်လာမယ့် အရောင်တွေ၊ Contrast တွေ ပိုကောင်းပြီ အရိပ်နဲ့ အလင်းအမှောင် တို့ကိုပါ ပိုမိုတိကျ မှန်ကန်စွာ ထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။ Stability AI ရဲ့ အသုံးချစက်မှုဆိုင်ရာ အကြီးအကဲ Joe Penna က Stable Diffusion XL 1.0 ကို 3.5 Billion Parameters နဲ့ တည်ဆောက်ထားပြီး 1-megapixel resolution အပြည့်ရှိတဲ့ ပုံများကို “စက္ကန့်ပိုင်းအတွင်း” အချိုးအစားမျိုးစုံနဲ့ ထုတ်ပေးနိုင်ကြောင်း ပြောပြထားပါတယ်။

Stable Diffusion XL 0.9 ဟာလည်း အရည်အသွေးကောင်းတဲ့ ပုံတွေထုတ်ပေးနိုင်ပေမယ့် တွက်ချက်နိုင်မှုစွမ်းရည်ပိုင်းမှာတော့ Stable Diffusion XL 1.0 လောက် မကောင်းပါဘူး။ Stable Diffusion XL 1.0 ဟာ အယူအဆများနဲ့ စတိုင်များကို စိတ်ကြိုက်ကောင်းစွာ ချိန်ညှိနိုင်ပြီး ရှုပ်ထွေးတဲ့ Design တွေကို အခြေခံစာသားတွေနဲ့ လွယ်တကူ အသုံးပြုနိုင်ကြောင်း Penna က ရှင်းပြထားပါတယ်။ Stable Diffusion XL 1.0 ဟာ Advanced အဆင့်ဖြစ်ပြီး စာသားတွေမှ ရုပ်ပုံအဖြစ်ပြောင်းနိုင်ယုံသာမက လက်ရေးလှစာသားတွေနဲ့ Fonts တွေအထိ ထုတ်ပေးနိုင်ကြောင်း Penna က ပြောပြထားပါတယ်။

SiliconAngle နဲ့ VentureBeat တို့က Stable Diffusion XL 1.0 ဟာ ပုံတစ်ပုံရဲ့ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းတွေကို ဖော်ထုတ်နိုင်ခြင်း၊ ရှိပြီးသားပုံကို တိုးချဲ့ခြင်းနှင့် ဓာတ်ပုံမှ ဓာတ်ပုံသို့ ပြောင်းလဲနိုင်ခြင်းတို့အထိ လုပ်ဆောင်နိုင်ကြောင်း ဖော်ပြထားပါတယ်။ Stable Diffusion XL 1.0 ရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ မြင့်မားနေတာကြောင့် ၎င်း AI ကို အသုံးပြုကာ ဥပဒေရေးရာတွေမှာ လွဲမှားစွာ အသုံးပြုနိုင်ချေ ရှိလာနိုင်ကြောင်းလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒါ့ကြောင့် Penna က “ကျွန်တော်တို့ဟာ Stable Diffusion ရဲ့ ဘေးကင်းသော လုပ်ဆောင်နိုင်စွမ်းကို အဆက်မပြတ် မြှင့်တင်နေပြီး ၎င်းအစီအမံများကို အလေးအနက်ထား ဆောင်ရွက်နေသလို အနုပညာရှင်များ၏ တောင်းဆိုချက်များကိုလည်း လေးစားလိုက်နာသွားမယ်” လို့ ပြောထားပါတယ်။ Stability AI CEO Emad Mostaque ကလည်း “နောက်ဆုံးပေါ် SDXL မော်ဒယ်ဟာ Stability AI ရဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ အမွေအနှစ်များနဲ့ AI Community အတွက် နောက်ဆုံးပေါ် ပွင့်လင်းတဲ့ မော်ဒယ်များအဖြစ် ဈေးကွက်ထဲကို ယူဆောင်လာနိုင်မယ်” လို့ ပြောထားသလို “Stable Diffusion XL 1.0 ကို Amazon Bedrock တွင် မိတ်ဆက်ခြင်းဟာ AWS နဲ့ အတူ လက်တွဲလုပ်ဆောင်ရန် ကျွန်တော်တို့ရဲ့ ခိုင်မာသော ကတိကို ဖော်ပြနေခြင်းဖြစ်ကာ Developer များနဲ့ ဖောက်သည်များအတွက် အကောင်းဆုံး ဖြေရှင်းချက်ပေးဖို့ဖြစ်တယ်” လို့လည်း ပြောထားပါတယ်။

Exit mobile version