ChatGPT-4o နဲ့ အလုပ်လုပ်မယ့် Meta Ray-Bans ရဲ့ ပြိုင်ဘက် Solo

AI Smart Glasses လောကမှာ Meta Ray-Bans ဟာ ပြိုင်ဘက်မရှိ တစ်ဦးတည်းသော ဘုရင်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ မဟုတ်တော့ပါဘူး။ US ရှိ မျက်မှန်ထုတ်လုပ်ရေး ကုမ္ပဏီ Solo ဟာ ChatGPT-4o ရဲ့ အကူအညီနဲ့ Meta Ray-Bans ရဲ့ ပြိုင်ဘက် ဖြစ်လာမယ့် Solo AirGo Smart Glasses ကို ချပြလိုက်ပြီ ဖြစ်ပါတယ်။

Smart Glasses များရဲ့ ပုံစံအတိုင်း Solo AirGo မှာ Camera ပါဝင်မှာ ဖြစ်ပြီး ChatGPT-4o ကြောင့် မြင်နေရတဲ့ အရာဝတ္ထုများကို ခွဲခြားသိမြင်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ AI ကို Voice Assistant အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး ထူးခြားချက်ကတော့ မျက်မှန်ရဲ့ Frame ကို ပြောင်းလဲ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ မျက်မှန်မှာ Camera ထည့်ချင်လား၊ ဖြုတ်ထားချင်လား၊ ဒါမှမဟုတ် နေကာပြောင်းချင်လား စိတ်ကြိုက် ပြောင်းလဲကာ တပ်ဆင်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ အဲလိုမျိုး Frame ကို ပြောင်းသုံးချင်ရင် Frame တစ်ခုကို ၈၉ ဒေါ်လာမှ ၁၂၉ ဒေါ်လာအထိ ကျသင့်နိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Solo AirGo မှာ ဖုန်းလိုမျိုး Display မပါဝင်ပေမယ့် ဖုန်းအဝင် Call တို့၊ Notification တို့ကို အလွယ်တကူ သိရှိနိုင်စေဖို့ LEDs မီးနဲ့ အချက်ပေးပေးမှာ ဖြစ်ပါတယ်။ Solo AirGo မှာ ChatGPT-4o အပြင် Google Gemini နဲ့ Anthropic ရဲ့ Claude AI Models တို့ကိုလည်း ထည့်သွင်းပေးသွားဖို့ အစီအစဥ်ရှိကြောင်း Solo ရဲ့ ပြောပြမှုအရ သိရပါတယ်။

Solo AirGo ကို ချပြခဲ့ပေမယ့် Public ကို ရောင်းချပေးမယ့် အချိန်အတိအကျ မပြောပြခဲ့ပဲ ဒီနှစ်အကုန်မှာ ရောင်းချပေးမယ်လို့ ပြောထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လောက်နဲ့ ရောင်းချပေးသွားမလဲ ဆိုတာကိုလည်း မပြောပြသွားပါဘူး။ လက်ရှိ ဈေးကွက်ထဲရှိ Meta Ray-Bans ဟာ ၂၉၉ ဒေါ်လာမှ စတင်တာ ဖြစ်တာကြောင့် Solo AirGo ဟာ သေချာပေါက် ၂၅၀ ဒေါ်လာနဲ့ အထက်မှာ ကျသင့်နိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။

Exit mobile version