Samsung ဟာ တရုတ်ပြည်အတွက် သီးသန့် ခေါက်ဖုန်းတစ်လုံးကို မိတ်ဆက်

Samsung ဟာ တရုတ်တစ်နိုင်ငံထဲအတွက် အသီးသန့် ခေါက်ဖုန်းဖြစ်ပြီး Galaxy Z fold 7 ရဲ့ ညီကို ဝမ်းကွဲလို့ ပြောလို့ရတဲ့ W26 ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

W26 ဟာ Galaxy Z fold 7 နဲ့ စင်တူပြီး ပြင်ဆင်မှု အနည်းငယ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Design အပိုင်းပြောင်းလဲမှုမှာတော့ ဖုန်းရဲ့ ဘောင်တွေအားလုံးကို ရွှေရောင်ထည့်ပေးထားတာတွေ့ရပြီး ဖုန်းကို အနီနဲ့ အမဲဆိုပြီး အရောင် (၂) မျိုးသာ ထုတ်ပေးထားတာ တွေ့ရပါတယ်။ ဒါ့အပြင် Packing အပိုင်းကိုလည်း သေချာပြုလုပ်ထားပြီး မြင်လိုက်တာနဲ့ Premium ဖြစ်တဲ့ ခံစားမှုကို အပြည့်အဝ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ Packing ထဲမှာ ဖုန်းရဲ့ အရောင်နဲ့ ကိုက်ညီတဲ့ Kevlar Case တစ်ခု ၊ 25 W Charger တစ်ခု ၊ အားသွင်းကြိုးနဲ့ Sim Card Rejector Pin တို့အပြင် CNY 1,000 တန် Gift Card တစ်ခုကိုပါ ထည့်သွင်းပေးထားကြောင်း သိရပါတယ်။

Hardware အပိုင်းနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ပြောင်းလဲမှုကတော့ တရုတ်ရဲ့ Tiantong Satellite စနစ်ကို ထည့်သွင်းပေးထားတာကြောင့် တရုတ်နိုင်ငံအတွင်း ဖုန်းလိုင်းမမိတဲ့နေရာတွေမှာ Tiantong Satellite ကို အသုံးပြုပြီး ဖုန်းခေါ်ဆိုခြင်းနဲ့ စာတိုပေးပို့ခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် ပြောင်းလဲမှုကတော့ 16GB RAM ကို Standard အဖြစ် ပြုလုပ်ထားတာကြောင့် 512GB Storage နဲ့ 1TB Storage နှစ်မျိုးစလုံးမှာ 16GB RAM ကိုပဲ အသုံးပြုထားတာ တွေ့ရပါတယ်။

Samsung ရဲ့ W26 ခေါက်ဖုန်းကို CNY 16,999 ($2,390) နဲ့ 16GB RAM ၊ 512GB Storage Version မှစတင် ဝယ်ယူနိုင်မှာ ဖြစ်ပြီး 16GB RAM ၊ 1TB Storage Version ကိုတော့ CNY 18,999 ($2,670) နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာတော့ W26 ကို Samsung နဲ့ China Telecom တို့မှာ Pre-order တင်ကာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

Exit mobile version