ပုံစံအသစ်နဲ့ အဆင့်မြင့် Voice Mode ကို ထည့်သွင်းပေးလိုက်တဲ့ OpenAI

OpenAI ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ChatGPT ကို ဝယ်ယူ အသုံးပြုသူများအတွက် အဆင့်မြင့် Voice Mode နဲ့ Voice အသစ်များကို ထည့်သွင်းပေးလိုက်ကြောင်း သိရပါတယ်။

ChatGPT အဆင့်မြင့် Voice Mode (AVM) ဟာ ပိုပြီးသဘာဝဆန်စွာ ပြန်လည်ဖြေကြားနိုင်မှာ ဖြစ်သလို ဘာသာစကား လေယူလေသိမ်းကွဲလွဲမှုကိုလည်း ပိုမိုနားလည် လာကြောင်း သိရပါတယ်။ ဒါ့အပြင် ပုံမှန်မြင်နေကြဖြစ်တဲ့ အမဲရောင်အစက် ပုံစံမျိုးမဟုတ်တော့ပဲ မေလတုန်းက OpenAI မှ ချပြခဲ့တဲ့ အပြာရောင် စက်လုံးအဖြစ် ပြောင်းလဲသွားတာကိုလည်း မြင်တွေ့ရပါတယ်။ ChatGPT App အသုံးပြုသူများမှာတော့ ၎င်းအပြာရောင် အလုံးကို Voice Icon ရဲ့ ဘေးမှာ ကပ်လျက် မြင်တွေ့နိုင်ပါတယ်။

OpenAI ဟာ AVM အပြင် Arbor ၊ Maple ၊ Sol ၊ Spruce နဲ့ Vale လို့ နာမည်ပေးထားတဲ့ အသံအသစ် (၅) မျိုးကိုလည်း ထပ်မံထည့်သွင်း ပေးလိုက်ပါတယ်။ ဒါ့ကြောင့် ChatGPT မှာ ရရှိနိုင်မယ့် အသံစုစုပေါင်း (၉) မျိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ထူးခြားမှုကတော့ အသံတွေရဲ့ နာမည်တွေ အားလုံးဟာ သဘာဝနဲ့ နီးစပ်တဲ့ နာမည်တွေ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ နွေဦးတုန်းက ChatGPT က မိတ်ဆက်ပေးခဲ့တဲ့ Sky ဆိုတဲ့ အသံအမျိုးအစားတော့ ပါဝင်လာခြင်း မရှိသေးပါဘူး။

နောက်ထပ် Feature တစ်ခုကတော့ အသုံးပြုသူစိတ်ကြိုက် ပြန်လည်ဖြေကြားပေးနိုင်မယ့် Feature ဖြစ်ပါတယ်။ ChatGPT ရဲ့ ပြန်လည်ဖြေကြားတဲ့ ပုံစံကို အသုံးပြုသူက စိတ်ကြိုက် သတ်မှတ်ထားနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကတော့ OpenAI မှ အသစ်ထပ်ဖြည့်ပေးလိုက်တဲ့ Feature အသစ်တွေ ဖြစ်ပြီး ChatGPT ကို ဝယ်ယူ အသုံးပြုမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version