Anthropic က OpenClaw ကို သူတို့ရဲ့ Claude AI မှာ ပိတ်ပင်

AI လောကရဲ့ ပြိုင်ဆိုင်မှုကတော့ အခုတစ်ခါမှာ ပိုပြီးသိသာထင်ရှားလာပါပြီ။ Anthropic က သူ့ရဲ့ Claude AI မှာ လူသုံးအရမ်းများတဲ့ AI agent “OpenClaw” ကို သုံးစွဲခွင့်ကို သိသိသာသာ ကန့်သတ်လိုက်ပါပြီ။ လာမယ့် ဧပြီလ ၄ ရက်နေ့ကစပြီး Claude subscription သက်သက်နဲ့ OpenClaw ကို သုံးလို့ရတော့မှာမဟုတ်ဘဲ၊ “သုံးသလောက်ပေးစနစ်” (pay-as-you-go) နဲ့ ပိုက်ဆံပိုပေးပြီးမှသာ သုံးနိုင်တော့မှာ ဖြစ်ပါတယ်။

အပေါ်ယံကြည့်ရင်တော့ Anthropic က သူ့ရဲ့ server တွေဝန်မပိအောင်နဲ့ သူ့ရဲ့ကိုယ်ပိုင် product တွေကိုပဲ ဦးစားပေးချင်လို့ပါလို့ အကြောင်းပြထားပါတယ်။ ဒါပေမယ့် ဒီကိစ္စရဲ့ နောက်ကွယ်က ဇာတ်လမ်းက ပိုပြီးနက်နဲပါတယ်။ အဓိကအချက်ကတော့ OpenClaw ကို ဖန်တီးခဲ့တဲ့သူ Peter Steinberger က အခု Anthropic ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ OpenAI မှာ အလုပ်ဝင်နေလို့ပါပဲ။ ဒါကြောင့် ဒီခြေလှမ်းက နည်းပညာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုဆိုတာထက်၊ ပြိုင်ဘက်ကုမ္ပဏီကို ကိုယ့်ရဲ့ infrastructure သုံးပြီး အကျိုးမရှိစေချင်တဲ့ မဟာဗျူဟာမြောက် ခြေလှမ်းတစ်ခုလို့ပဲ သုံးသပ်ရမှာပါ။

ပြိုင်ဘက်ကို ထိန်းချုပ်ဖို့ကြိုးစားလိုက်တဲ့ Anthropic – OpenClaw ကို Claude မှာ ပိတ်ပင်

OpenClaw ဘက်ကတော့ ဒီကိစ္စကို Anthropic နဲ့ ညှိနှိုင်းခဲ့ပေမယ့် တစ်ပတ်နောက်ဆုတ်ပေးဖို့ပဲ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ Anthropic ကတော့ ဒီအပြောင်းအလဲကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ သုံးစွဲသူတွေကို စိတ်ကျေနပ်အောင် တစ်လစာ subscription ကြေးနဲ့ညီမျှတဲ့ credit တစ်ခါပြန်ပေးမယ်လို့ ဆိုပါတယ်။

ခြုံပြောရရင်တော့ ဒါက AI ကုမ္ပဏီကြီးတွေကြားက စစ်ပွဲက ပိုပြီးပြင်းထန်လာပြီဆိုတာကို ပြလိုက်တာပါပဲ။ သူတို့က ကိုယ့်ရဲ့ ecosystem ကို ပိုပြီးထိန်းချုပ်ချင်လာကြပြီး၊ သုံးစွဲသူတွေကို တခြား ပြင်ပ tool တွေဆီသွားမယ့်အစား ကိုယ့်ရဲ့ product တွေ (ဥပမာ Claude Cowork) ကိုပဲ သုံးလာအောင် တွန်းအားပေးနေတာပါ။ ဒီတစ်ခေါက်မှာတော့ အဲ့ဒီပြိုင်ဆိုင်မှုကြားမှာ အရင်က free သုံးလို့ရခဲ့တဲ့ OpenClaw သုံးစွဲသူတွေကတော့ ဈေးနှုန်းကြီးမြင့်မှုရဲ့ ဒဏ်ကို တိုက်ရိုက်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

Exit mobile version