Game ဆော့ရာမှာ အကူအညီပေးမယ့် Nvidia ရဲ့ G-Assist

Nvidia ဟာ ၂၀၁၇ ခုနှစ် ဧပြီလတုန်းက April Fools အနေနဲ့ Game ဆော့နေရင်း Pizza လာပို့လို့ သွားယူတဲ့အချိန် AI Assistant က Game ကို အစားဝင်ဆော့ပေးထားတဲ့ Prank Video တင်ခဲ့ပြီး အခုအချိန်မှာတော့ အဲတာဟာ အမှန်တကယ် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဇွန်လ (၂) ရက်နေ့တုန်းက Nvidia ရဲ့ RTX Graphic ကို အသုံးပြုထားတဲ့ PC တွေမှာ အသုံးပြုနိုင်မယ့် G-Assist လို့ခေါ်တဲ့ AI Assistant ရဲ့ Demo ကို ချပြခဲ့တာ ဖြစ်ပါတယ်။ ၎င်း Video ထဲမှာ ARK : Survival Ascended Game ထဲတွင် အစောဆုံး ပြုလုပ်နိုင်မယ့် လက်နက်နဲ့ ပတ်သက်ကာ G-Assist အား မေးမြန်းထားတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ Nvidia ရဲ့ ပြောပြမှုအရ G-Assist ဟာ Game ထဲမှာ သင်ဟာ Points ဘယ်လောက်ရနေပြီလဲ ဘာတွေလုပ်ဖို့ လိုအပ်နေသေးလဲ အစရှိတာတွေကို သိနိုင်မယ့်အပြင် Game ရဲ့ Performance နဲ့ ပတ်သက်တဲ့ Settings တွေကိုလည်း အကြံပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

သင့်ရဲ့ Monitor ဟာ 240Hz အထိ သုံးနိုင်ပေမယ့် သင်ဟာ 60Hz ပဲ အသုံးပြုနေပါက Game ရဲ့ Performance ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်သေးကြောင်း အသိပေးမှာ ဖြစ်ပါတယ်။ လိုအပ်ပါက ပြီးခဲ့တဲ့ စက္ကန့် ၆၀ အတွင်းရှိ PC ရဲ့ Latency နဲ့ FPS တို့ကိုလည်း G-Assist အား မေးမြန်းနိုင်မှာ ဖြစ်သလို ဘယ်လို Settings ထားသင့်သလဲ ဆိုတာကအစ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Nvidia ရဲ့ G-Assist ဟာ Gamers များနဲ့ Game Streaming သမားများအတွက် အသုံးဝင်စေမယ့် AI Assistant တစ်ခုပဲ ဖြစ်ပါတယ်။

သို့ပေမယ့် G-Assist ကို Demo အနေနဲ့ပဲ Nvidia က ချပြပေးတာ ဖြစ်တာကြောင့် လက်ရှိမှာတော့ အသုံးပြုလို့ မရသေးပါဘူး။ ဘယ်အချိန်မှာ တရားဝင် ထုတ်ပေးမလဲ ဆိုတာကို ပြောပြထားတာ မရှိပေမယ့် Demo ကို ချပြနိုင်ပြီ ဖြစ်တာကြောင့် သိပ်မကြာတော့တဲ့အချိန်မှာ ထုတ်ပေးလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Exit mobile version