iPhone နဲ့ iPad တို့ကို မျက်လုံးနဲ့ ထိန်းချုပ်နိုင်မယ့် Apple ရဲ့ Accessibility Feature အသစ်

Apple ဟာ အသစ်ထွက်ရှိမယ့် iOS 18 နဲ့ iPadOS 18 တို့မှာ ပါဝင်လာမယ့် Accessibility Features အသစ်များကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ၎င်း Feature များထဲမှာ ထူးခြားမှုတစ်ခုက iPhone နဲ့ iPad တို့ကို မျက်လုံးနဲ့ ထိန်းနိုင်မယ့် Features ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများအတွက် ရည်ရွယ်ထားကြောင်း သိရပါတယ်။

မျက်လုံးနဲ့ ထိန်းချုပ်နိုင်မယ့် Features အသစ်ဟာ Devices များရဲ့ အရှေ့ Camera ကို အသုံးပြုပြီး အသုံးပြုသူရဲ့ မျက်လုံးနဲ့ ဦးခေါင်းလှုပ်ရှားမှုများကို ဖတ်ကာ Device ထဲရှိ Machine Learning ကတစ်ဆင့် စက္ကန့်ပိုင်းအတွင်း ပြန်လည် တုံ့ပြန်ပေးမှာ ဖြစ်ပါတယ်။ ဒီ Features ကို အသုံးပြုဖို့အတွက် iPhone (သို့မဟုတ်) iPad တစ်လုံးသာ လိုအပ်မှာ ဖြစ်ပါတယ်။

နောက်ထပ် Features အသစ်တစ်ခုကတော့ ကားစီးနေချိန် ဖုန်းအသုံးပြုသူများအတွက် အသုံးဝင်စေမှာ ဖြစ်ပါတယ်။ ကားစီးနေတဲ့အချိန်မှာ ဖုန်းကြည့်တဲ့အခါ တချို့လူများဟာ မူးတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒါဟာ ရွေ့လျားမှုကြောင့် ဖြစ်ပွားရတာဖြစ်ပြီး ၎င်းပြဿနာကို ဖြေရှင်းဖို့အတွက် Apple က စီစဥ်ပေးလိုက်တာ ဖြစ်ပါတယ်။ Apple ရဲ့ ရှင်းပြထားချက်အရ ဖုန်းထဲရှိ Sensors များကို အသုံးပြုကာ ကားရဲ့ ရွေ့လျားမှုကို ဖမ်းယူပြီး အသုံးပြုသူရဲ့ အမြင်မှာ အဆင်ပြေစေရန် Screen ပေါ်မှာ လိုက်ဖက်တဲ့ ရွေ့လျားမှုများကို ဖော်ပြပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးပါဝင်လာမယ့် Features အသစ်ကတော့ သီချင်းနဲ့ ပတ်သက်တဲ့ Feature ဖြစ်ပါတယ်။ ဖွင့်ထားတဲ့ သီချင်းအပေါ်မှုတည်ပြီး တုန်းခါမှု ပြုလုပ်ပေးမယ့် Feature ဖြစ်ကြောင်း သိရပါတယ်။ အခုပြောပြသွားတာကတော့ အသစ်ထွက်မယ့် iOS 18 နဲ့ iPadOS 18 တို့မှာ ပါဝင်လာမယ့် Accessibility Features အသစ်များဖြစ်ပြီး ဒီနှစ်အကုန်လောက်မှာ လူတွေလက်ထဲ ထည့်ပေးမှာဖြစ်ကြောင်း Apple က ကြေငြာထားပါတယ်။

Exit mobile version