Apple ရဲ့ Macbook တွေကို တည့်စိန်ခေါ်လိုက်တဲ့ Microsoft

Microsoft ဟာ မေလ ၂၀ ရက်နေ့တုန်းက Washington ပြည်နယ်၊ Redmond မြို့တွင် Surface Devices အသစ်များ မိတ်ဆက်ပေးတဲ့ပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၎င်းပွဲအတွင်း မိတ်ဆက်ပေးလိုက်တဲ့ Surface Laptop အသစ်များကို Apple ရဲ့ Macbook နဲ့ ယှဥ်ကာ မိတ်ဆက်ပေးခဲ့ကြောင်း သိရပါတယ်။

Microsoft မိတ်ဆက်ပေးသွားတဲ့ Surface Laptop အသစ်ဟာ Arm အမျိုးအစား Chips ဖြစ်ပြီး Qualcomm ရဲ့ Snapdragon X Elite Chips ကို အသုံးပြုထားကြောင်း သိရပါတယ်။ Microsoft ရဲ့ Windows Laptops များဟာ ၂၀၂၀ ခုနှစ်တုန်းက Apple ရဲ့ M1 Macbook Air ထွက်ပေါ်လာချိန်ကစလို့ Apple ရဲ့ အောက်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Microsoft အနေနဲ့ ARM Chips နဲ့ PC ထုတ်လုပ်နိုင်ရေးအတွက် အကြီးအကျယ် ကြိုးစားလာခဲ့တာ အခုတော့ အောင်မြင်သွားခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

Apple ရဲ့ Macbook တွေကို လူကြိုက်များရတဲ့ အဓိက အကြောင်းအရင်း (၂)မျိုးက Performance အပိုင်းနဲ့ Battery ကြာကြာအသုံးခံမှုတို့ပဲ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် Microsoft ဘက်က ကြိုးစားလာခဲ့တာ အခုဆိုရင် Macbook ထက်သာလွန်ပြီး အရင် Laptops များထက် Performance ၂ဆ ပိုကောင်းတဲ့ Surface Laptop ကို ချပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုလိုမျိုး Performance တွေ တိုးတက်သွားစေခဲ့တာဟာ Neural Processing Unit (NPU) စနစ်ကြောင့် ဖြစ်ကြောင်း Microsoft က ပြောပြထားပါတယ်။ Microsoft ဟာ Windows ထဲကို Copilot အကူအညီနဲ့ အခု (၄၀) ထက်ပိုတဲ့ AI Features များစွာထည့်သွင်းကာ အဆင့်မြှင့်တင်ခဲ့သလို NPU စနစ်ကြောင့် Windows ရဲ့ Performance ကို များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း သိရပါတယ်။

Microsoft ရဲ့ ပွဲမှာ Microsoft ရဲ့ မိတ်ဖက် ကွန်ပျူတာ ထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်ကြတဲ့ HP ၊ ASUS ၊ Lenovo နှင့် Dell တို့ဟာလည်း သူတို့ရဲ့ Laptop အသစ်များကို မိတ်ဆက်ခဲ့ပြီး အားလုံးဟာ Copilot Plus PC ကို အသုံးပြုထားကြောင်း သိရပါတယ်။ ဒါ့ကြောင့် နောက်ပိုင်း Windows Laptops များဟာ Microsoft ရဲ့ ဦးဆောင်မှုအောက်မှာ Apple ရဲ့ Macbook များနဲ့တန်းတူ ပြန်လည်ခေတ်စားလာတော့မှာ ဖြစ်ပါတယ်။

Exit mobile version