Microsoft ဟာ ၎င်းတို့ရဲ့ AI အသုံးပြုသူများကို ဥပဒေအရ အကာအကွယ်ပေးမည်

Microsoft ရဲ့ AI အသစ်ဖြစ်တဲ့ Copilot အား အသုံးပြုသူများကို Copyright ဥပဒေနဲ့ တရားစွဲဆိုခြင်းခံခဲ့ရပါက Microsoft ဘက်မှ တာဝန်ယူ ဖြေရှင်းပေးမှာဖြစ်ကြောင်း Microsoft က ကြေငြာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Microsoft ရဲ့ ထုတ်ပြန်ထားချက်အရ “အသုံးပြုသူများအနေဖြင့် Microsoft Copilot ဝန်ဆောင်မှုနဲ့ ဖန်တီးထားတဲ့ အရာများအပေါ် Copyright နဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုဘူးဆိုတာ ဟုတ်ပါသလားလို့ မေးမြန်းရင် ကျွန်တော်တို့ဘက်က ရိုးသားစွာနဲ့ ဟုတ်ပါတယ်လို့ ပြန်ဖြေမှာ ဖြစ်ပါတယ်။ အကယ်၍ သင်ဟာ Copyright နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတစ်စုံတစ်ရာ တွေ့ကြုံခဲ့ရပါက ကျွန်တော်တို့ဘက်က ဥပဒေအရ အပြည့်အဝ တာဝန်ယူမှာ ဖြစ်ကြောင်း” ကုမ္ပဏီက ရေးသားထားပါတယ်။

“အကယ်၍ ပြင်ပအဖွဲ့အစည်းမှ Copyright နဲ့ ပတ်သက်ပြီး Microsoft ရဲ့ AI အသုံးပြုသူများကို တရားစွဲဆိုခဲ့ပါက အသုံးပြုသူများဟာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်များမှာပါဝင်တဲ့ အကာအရံများနဲ့ Content စိစစ်မှုကို အသုံးပြုနေသမျှကာလပတ်လုံး ကျွန်တော်တို့ဟာ အသုံးပြုသူကို အကာအကွယ်ပေးမှာဖြစ်ပြီး မည်သည့်ဆိုးရွားတဲ့ စီရင်ချက် ပမာဏကိုမဆို ကုမ္ပဏီက ပေးဆောင်သွားမှာ ဖြစ်ကြောင်း” လဲ Microsoft ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အထူးသဖြင့် Microsoft ရဲ့ Copilot ကတိကဝတ်အရ လက်ရှိ Microsoft ရဲ့ IP လျော်ကြေးများဟာ ၎င်းရဲ့ AI Chatbot နဲ့ AI Powered Assistants များဖြင့် ဖန်တီးထားတဲ့ အရာများအားလုံးအပေါ် လွှမ်းခြုံပေးမှာ ဖြစ်ပါတယ်။

နည်းပညာအသစ်များကဲ့သို့ AI ဟာ ဥပဒေနဲ့ ပတ်သက်ပြီး မေးခွန်းများစွာ ထွက်ပေါ်နေတာကြောင့် ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ကျယ်ပြန့်တဲ့ Stakeholders များနဲ့ အလုပ်တွဲလုပ်ရမှာ ဖြစ်ပြီး အခုခြေလှမ်းဟာ ကျွန်တော်တို့ရဲ့ ထုတ်ကုန်နဲ့ ပတ်သက်တဲ့ Copyright ပြဿနာဟာ အသုံးပြုသူများအတွက်မဟုတ်ပဲ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ကြောင်းဖော်ပြတဲ့ ကတိကဝတ်ဖြစ်ကြောင်း Microsoft က ပြောထားပါသေးတယ်။

ဒါ့ကြောင့် Microsoft ရဲ့ AI ကို အသုံးပြုသူများနေနဲ့ သူ့တို့ရဲ့ စည်းမျဥ်းများကို လိုက်နာနေသမျှကာလပတ်လုံး Microsoft ဘက်က အပြည့်အဝ တာဝန်ယူ ဖြေရှင်းပေးတော့မှာ ဖြစ်တာကြောင့် Copyright နဲ့ ပတ်သက်ကာ စိတ်ရှုပ်စရာမလိုတော့ပဲ လွတ်လပ်စွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

Exit mobile version