Google ဟာ သတင်းတွေနဲ့ ဆောင်းပါးတွေကို ရေးပေးနိုင်တဲ့ AI Tool အသစ် တီထွင်ထားပြီး ၎င်း AI ကို စမ်းသပ်ရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။
Google ဟာ သတင်းနဲ့ ဆောင်းပါးတွေ ရေးပေးနိုင်မယ့် AI ကို စမ်းသပ်ဖို့ နာမည်ကြီး သတင်းဌာနတွေဖြစ်တဲ့ The New York Times ၊ The Washington Post ၊ The Wall Street Journal ရဲ့ ပိုင်ရှင် နဲ့ News Corp တို့ဆီ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ ၎င်း AI ဟာ သတင်းထုတ်ဝေသူများကို သတင်းများကူရေးပေးခြင်းအပြင် ဆောင်းပါးများကိုပါ ကူရေးပေးနိုင်ကြောင်း သိရပါတယ်။ သို့ပေမယ့် ၎င်း AI နဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာလည်း ရှိနေတာ တွေ့ရပါတယ်။
Google မှ ပြောရေးဆိုခွင့်ရှိသူ Jenn Crider က “သတင်းထုတ်ဝေသူများ၊ အထူးသဖြင့် သတင်းထုတ်ဝေသူ အသေးစားများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျွန်မတို့ဟာ ၎င်းတို့၏ သတင်းထောက်များရဲ့ အလုပ်မှာ AI Tool အနေနဲ့ ကူညီပေးရန် အစောဆုံးအဆင့်တွင် ရှိနေတယ်” လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် “ဒီ Tool ဟာ သတင်းသမား များရဲ့ မရှိမဖြစ် လုပ်ငန်းတွေဖြစ်တဲ့ အစီရင်ခံခြင်း၊ ဆောင်းပါးများကို ဖန်တီးခြင်းနဲ့ အချက်အလက်များ စစ်ဆေးခြင်းတွေကို ဘယ်လိုမှ အစားထိုးလို့မရဘူးဆိုတာ ရိုးရှင်းပါတယ်” လို့ သူမက ထပ်လောင်းပြောထားပါသေးတယ်။
News Corp မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျွန်တော်တို့မှာ Google နဲ့ ကောင်းမွန်သော ဆက်ဆံရေးရှိပြီး Sundar Pichai ရဲ့ သတင်းစာပေအပေါ် ထားရှိတဲ့ ရေရှည်ကတိတွေကို အသိအမှတ်ပြုပါတယ်” လို့ ပြောဆိုထားကာ The New York Times နဲ့ Washington Post တို့ကတော့ မှတ်ချက်ပြုရန် ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။
သတင်းစာပညာ ပါမောက္ခနှင့် မီဒီယာဝေဖန်သုံးသပ်သူ Jeff Jarvis ကတော့ Google ရဲ့ Tool အသစ်မှာ ကောင်းတဲ့ဘက် ရှိသလို ဆိုးတဲ့ဘက်လည်း ရှိတယ်လို့ သုံးသပ်ထားပါတယ်။ ဒီနည်းပညာဟာ မှန်ကန်တဲ့ အချက်အလက်များကို ယုံကြည်စိတ်ချရစွာ ပေးပို့နိုင်ရင်တော့ သတင်းသမားများအတွက် ကောင်းမွန်တဲ့ Tool တစ်ခု ဖြစ်လာနိုင်ပေမယ့် သတင်းသမားများက လွဲမှားစွာအသုံးပြုခဲ့ရင်တော့ Tool အတွက်သာမက သတင်းအဖွဲ့အစည်း တစ်ခုလုံးကိုပါ ထိခိုက်နိုင်ကြောင်း Jeff Jarvis က ထောက်ပြထားပါတယ်။
Google ဟာ ဒီ AI နဲ့ ပတ်သက်ပြီး တိုးတက်လာဖို့အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေတာ တွေ့ရပြီး Google ရဲ့ AI Tool ကို လက်ခံတဲ့ သတင်းထုတ်ဝေသူများရှိသလို ဆောင်းပါးများရဲ့ မူပိုင်ခွင့်နဲ့ ပတ်သက်ကာ မကျေနပ်မှုများကြောင့် AI Tool ကို လက်မခံတဲ့ သတင်းထုတ်ဝေသူများလည်း ရှိနေတာ တွေ့ရပါတယ်။ သတင်းနဲ့ ဆောင်းပါးတွေကို ရေးပေးနိုင်တဲ့ AI ဟာ လက်ရှိမှာ စမ်းသပ်ကာလပဲ ရှိသေးတာကြောင့် မှားယွင်းတဲ့ အချက်အလက်တွေကို ထုတ်ပေးနိုင်သေးကြောင်း Google က ပြောဆိုထားပါတယ်။ စာဖတ်ပရိတ်သတ်ကြီးရော အခုတင်ဆက်ပေးခဲ့တဲ့ AI Tool အသစ်ဟာ သတင်းနယ်ပယ်အတွက် အထောက်အကူပြုနိုင်မယ့် AI Tool တစ်ခုလား? ဒါမှမဟုတ် မကောင်းတဲ့ AI Tool တစ်ခုလား? Comment မှာ ဆွေးနွေးပေးသွားပါအုံးနော်။