နားကြပ်မှ တစ်ဆင့် နှလုံးခုန်နှုန်းတိုင်းနိုင်မယ့်စနစ်ကို Google သုတေသီများမှ တီထွင်နိုင်ခဲ့

Google မှ သုတေသီများဟာ နားကြပ်များမှတစ်ဆင့် နှလုံးခုန်နှုန်းကို တိုင်းတာနိုင်မယ့် စနစ်ကို တီထွင်ဖန်တီးနိုင်ခဲ့ပြီဖြစ်ကြောင်းကို 9to5Google ရဲ့ ပြောပြမှုအရ သိရှိရပါတယ်။

လက်ရှိ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ Smart Watch တွေရှိ နှလုံးခုန်နှုန်း တိုင်းတာမှုစနစ်ဟာ Photoplethysmography (PPG) လို့ခေါ်တဲ့ အလင်းရောင်ကိုအသုံးပြုကာ နှလုံးခုန်နှုန်းကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။ Google ရဲ့ သုတေသီများ ရှာဖွေတွေ့ရှိခဲ့တဲ့ စနစ်ကတော့ Audioplethysmography (APG) လို့ ခေါ်ပြီး Ultrasound စနစ်နဲ့ အလုပ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။

Google ရဲ့ ပြောပြထားမှုအရ Active Noice Canceling (ANC) စနစ်ပါဝင်တဲ့ Earbuds တွေမှာ APG စနစ်ကို ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။ ၎င်း Earbuds ရဲ့ အလုပ်လုပ်ပုံကတော့ ပုံထဲမှာ မြင်ရတဲ့အတိုင်း Earbuds မှ ပျင်းအားအလွန်နည်းတဲ့ Ultrasound လှိုင်းကို နားထဲသို့ လွှင့်ထုတ်လိုက်မှာ ဖြစ်ပြီး နားထဲက သွေးကြောများရဲ့ ဖိအားကို ၎င်း Ultrasound လှိုင်းမှတစ်ဆင့် အာရုံခံကာ နှလုံးခုန်နှုန်းကို ပြန်လည်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ၎င်းစနစ်ဟာ မတူညီတဲ့ နားလမ်းကြောင်းပုံစံများနှင့် အရေပြားအထူအပါးတို့ အပေါ်မှာလည်း ကောင်းစွာအလုပ်လုပ်နိုင်ကြောင်း Google က ပြောပြထားပါတယ်။

APG စနစ်နဲ့ နှလုံးခုန်နှုန်းတိုင်းတာမှုဟာ လက်ရှိအသုံးပြုနေတဲ့ PPG စနစ်ထက် ပိုမိုတိကျတဲ့ အဖြေကိုထုတ်ပေးနိုင်သော်လည်း မှားယွင်းနိုင်မှုဟာ ၂.၇၀ ရာနှုန်းမှ ၃.၂၁ ရာနှုန်းအထိ ရှိနေသေးတယ်လို့ Google က ရှင်းပြထားပါတယ်။ အဲလိုမှားယွင်းခြင်းဟာ နားကြပ်ထဲ သီချင်းဖွင့်ထားချိန် နှလုံးခုန်နှုန်း တိုင်းတာခြင်း (သို့မဟုတ်) လှုပ်ရှားမှု အရမ်းများတဲ့အချိန်မှာ နှလုံးခုန်နှုန်းတိုင်းခြင်းကြောင့် ဖြစ်ပွားကြောင်း သိရပါတယ်။

အခုလိုမျိုး Google ရဲ့ သုတေသီများမှ APG စနစ်ကို စမ်းသပ်အောင်မြင်ခဲ့ကြောင်း ကြေငြာခြင်းဟာ Google မှ APG စနစ်နဲ့ နားကြပ်များကို ထုတ်လုပ်တော့မယ်လို့ ဆိုလိုခြင်းမဟုတ်ပါဘူး။ Google ရဲ့ သုတေသနလုပ်ငန်းတစ်ခု အောင်မြင်ခဲ့ကြောင်းကိုသာ ထုတ်ပြောခြင်းဖြစ်ပြီး APG စနစ်နဲ့ နားကြပ်ကို ဘယ်အချိန်မှာ မြင်ရမလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်သေးပါဘူး။

Exit mobile version