GPT-4 ကို ယှဥ်နိုင်မယ့် PaLM2 ကို Google က မိတ်ဆက်

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Google I/O ပွဲတွင် OpenAI ရဲ့ GPT-4 နဲ့ ပြိုင်နိုင်တဲ့ PaLM2 ကို Google က မိတ်ဆက်ပေးခဲ့ပါတယ်။

PaLM ကို Pathways Language Model လို့ခေါ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလတုန်းက မိတ်ဆက်ပေးခဲ့တဲ့ Google ရဲ့ Language Model တစ်ခုဖြစ်ပါတယ်။ အခု မိတ်ဆက်ပေးလိုက်တဲ့ PaLM2 ကတော့ PaLM ကို အဆင့်မြှင့်ထားတဲ့ Language Model ပဲဖြစ်ပါတယ်။ Google I/O ပွဲတွင် CEO Sundar Pichai ရဲ့ ပြောပြမှုအရ PaLM2 ဟာ Gecko ၊ Otter ၊ Bison နဲ့ Unicorn ဆိုတဲ့ အရွယ်အစား (၄) မျိုးရှိပြီး Gecko ဟာ အသေးဆုံးဖြစ်ကာ ဖုန်းတွေမှာ အလုပ်လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။

PaLM2 ဟာ ဘာသာစကားပေါင်း ၁၀၀ ကျော်ကို နားလည်နိုင်မှာဖြစ်ပြီး အကျိုးအကြောင်းလည်း ဆင်ခြင်နိုင်မှာ ဖြစ်တဲ့အပြင် Code တွေ ဖန်တီးခြင်းနဲ့ ဘာသာပြန်ခြင်းတွေကိုပါ ပြုလုပ်ပေးနိုင်ကြောင်း Google ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PaLM2 ဟာ Google Bard အပြင်အခြားသော Google ရဲ့ Product တွေဖြစ်တဲ့ Docs ၊ Sheets နဲ့ Slides တို့မှာပါ ထည့်သွင်းပေးမယ်လို့ သိရပါတယ်။

၂၀၂၀ ခုနစ်တုန်းက မိတ်ဆက်ခဲ့တဲ့ OpenAI ရဲ့ GPT-3 ဟာ Parameters ပေါင်း ၁၇၅ ဘီလီယံဖြင့် ဖန်တီးထားတာဖြစ်ပြီး GPT-4 ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ အခု Google ရဲ့ PaLM2 ကတော့ Parameters ပေါင်း ၅၄၀ ဘီလီယံဖြင့် ဖန်တီးထားကြောင်း သိရပါတယ်။ Google ရဲ့ PaLM2 ဟာ GPT-4 ကို ယှဥ်မလို့ ပေါ်ပေါက်လာတာနဲ့အညီ သင်္ချာစွမ်းရည်၊ ဘာသာပြန်နိုင်ခြင်းနဲ့ အကျိုးအကြောင်း ဆင်ခြင်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် Google က ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ သိရပါတယ်။

AI တွေအကြောင်းကို ရေးသားသူဖြစ်သလို Wharton ရဲ့ ပါမောက္ခလည်းဖြစ်တဲ့ Ethan Mollick က PaLM2 ပေါ်ပေါက်လာမှုဟာ GPT-4 ပေါ်ပေါက်လာမှုထပ် ပိုပြီးဆိုးဝါးနေတယ်လို့ မှတ်ချက်ပြုထားပါသေးတယ်။ Google ရဲ့ PaLM2 ဟာ အသုံးပြုသူတွေနဲ့ ထိတွေ့ထားခြင်းမရှိပဲ ထွက်ပေါ်လာတာကြောင့် Google အသုံးပြုထားတဲ့ အချက်အလက်တွေဟာ ပိုင်ရှင်တွေရဲ့ ခွင့်ပြုချက်မပါပဲ အသုံးပြုထားတာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေတာ တွေ့ရပါတယ်။

အခုလို နည်းပညာ ကုမ္ပဏီကြီးတွေက သူ့ထပ်ငါအပြိုင် AI တွင်ကို အဆင့်မြှင့်တင်နေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အနာဂတ်မှာ ကောင်းလာနိုင်မလား၊ ဆိုးလာနိုင်မလား ဆိုတာကို Comment မှာ ဝင်ရောက် ဆွေးနွေးပေးသွားပါအုံးနော်။

Exit mobile version