Google I/O ၂၀၂၄ ပွဲမှာ ဘာတွေ မိတ်ဆက်သွားသလဲ

မေလ ၁၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Google I/O ၂၀၂၄ ပွဲဟာ အားလုံးမျှော်လင့်ထားကြတဲ့အတိုင်း AI နဲ့ ပတ်သက်တဲ့ အရာတွေသက်သက် မိတ်ဆက်ပေးသွားတာ တွေ့ရပြီး Google CEO Sundar Pichai ဟာ AI ဆိုတဲ့ စကားလုံးကို (၁၂၁) ခေါက်တိတိ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

၂ နာရီလောက် ကြာမြင့်တဲ့ Google I/O ၂၀၂၄ ပွဲအတွင်း အဓိက ဇာတ်ကောင်ကတော့ Gemini 1.5 Flash ပဲ ဖြစ်ပါတယ်။ Gemini 1.5 Flash ဆိုတာဟာ Gemini 1.5 Pro ကို အဆင့်မြှင့်ကာ Gemini 1.5 Pro နဲ့ Gemini 1.5 Nino တို့အကြားမှာ ပေါ့ပေါ့ပါးပါးနဲ့ အကျိုးရှိရှိ အသုံးပြုနိုင်ဖို့ ရည်ရွယ်ကာ ဖန်တီးထားတာဖြစ်ကြောင်း Google က ပြောပါတယ်။ Gemini 1.5 Pro ကို အသုံးပြုတဲ့ Developers များဟာ Gemini 1.5 Pro ထက် ပေါ့ပါးပြီး အသုံးဝင်တဲ့ AI Model တစ်ခုကို လိုအပ်နေတာကြောင့်လည်း Gemini 1.5 Flash ကို မိတ်ဆက်ပေးရခြင်း ဖြစ်ကြောင်း သိရပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ Project Astra ဖြစ်ပါတယ်။ Project Astra ဆိုတာဟာ AI နဲ့ အလုပ်လုပ်မယ့် Universal Assistant ဖြစ်ပြီး နေ့စဥ်လူနေမှုဘဝမှာ အသုံးပြုနိုင်မယ့် အရာတစ်ခုဖြစ်ကြောင်း Google ရဲ့ DeepMind CEO Demis Hassabis က ပြောပါတယ်။ Google ဖော်ပြပေးတဲ့ Video ထဲမှာတော့ Project Astra အသုံးပြုသူဟာ ဖုန်းတစ်လုံးကို ကိုင်ပြီး လန်ဒန်မြို့ထဲမှာ သိလိုတဲ့ အရာများကို Camera အသုံးပြုကာ အကုန်လုံး မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ လူတိုင်းကို စိတ်ဝင်စားစေတဲ့ အချက်တစ်ခုကတော့ ပိုင်ရှင်က မေ့နေတဲ့ မျက်မှန်နေရာကို ဖုန်းက အတိအကျ မှန်အောင် ဖော်ပြနိုင်ခြင်းပဲ ဖြစ်ပါတယ်။ Project Astra ဟာ Mata ရဲ့ Ray Ban Smart Glasses ရဲ့ ပြိုင်ဘက်ဖြစ်လာလိမ့်မယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

Ask Photos ဆိုတဲ့ AI Features အသစ်ကတော့ Google Photos ကို အသုံးပြုပြီး မိမိရိုက်ခဲ့တဲ့ အမျိုးသားပန်းခြံပုံများထဲမှ အကောင်းဆုံး ပုံများကို ဖော်ပြခိုင်းနိုင်မှာ ဖြစ်သလို ဓာတ်ပုံနဲ့ ပတ်သက်တဲ့ GPS Location အချက်အလက်များကအစ ဖော်ပြပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Media နဲ့ ပတ်သက်ပြီး မိတ်ပေးလိုက်တဲ့ AI-Powered Media Creation Engines ကတော့ Veo နှင့် Imagen 3 ဖြစ်ပြီး OpenAI Sora ရဲ့ ပြိုင်ဘက် ဖြစ်ပါတယ်။ Veo ဟာ 1080p အထိ အရည်အသွေးရှိတဲ့ ၁မိနစ်ကျော် Videos များကို ဖန်တီးပေးနိုင်မှာ ဖြစ်ပြီး Imagen 3 ကတော့ အရင် Imagen 2 ထက် ပိုမိုကောင်းမွန်တဲ့ ပုံများကို ဖန်တီးပေးနိုင်မယ့် Text-To-Image Model ပဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ AI နဲ့ အဆင့်မြှင့်လိုက်တဲ့ Google Search Engine ဖြစ်ပါတယ်။ Google ရဲ့ Search Engine ဟာ တစ်ကမ္ဘာလုံးတွင် ဘီလံယံနဲ့ ချီတဲ့ အသုံးပြုသူများနဲ့ လည်ပတ်နေတဲ့ Search Engine ကြီးတစ်ခုဖြစ်ပြီး ၎င်းကို AI နဲ့ လေ့ကျင့်မှုပြုလုပ်ပေးနေတာ တစ်နှစ်ကျော် ကြာလာခဲ့ပြီ ဖြစ်ပါတယ်။ အဲလိုမျိုး အင်အားကြီးတဲ့ Search Engine ကြီးကို ဒီနှစ်အကုန်လောက်မှာ လူတွေလက်ထဲ ထည့်ပေးတော့မှာ ဖြစ်တာကြောင့် Google ရဲ့ AI လမ်းကြောင်းဟာ အခုထက်ပိုပြီး တိုးတက်လာဖို့ အလားအလာများစွာ ရှိနေတာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ Android ဖုန်းများအားလုံးမှာ Build-In Gemini AI ပါဝင်လာဖို့ ဖြစ်ပါတယ်။ Google က အသစ်ထုတ်ပေးမယ့် Android 15 ကစလို့ Android ဖုန်းများ အားလုံးဟာ AI Power နဲ့ အလုပ်လုပ်မယ့် ဖုန်းများအဖြစ် ပြောင်းလဲသွားတော့မှာ ဖြစ်ပါတယ်။ အခုပြောပြခဲ့တဲ့ အရာများကတော့ Google I/O 2024 ပွဲအတွင်း မိတ်ဆက်ပေးသွားတဲ့ AI နဲ့ ပတ်သက်တဲ့ အရာများပဲ ဖြစ်ပါတယ်။

Exit mobile version