အစ္စရေး Project နဲ့ ပတ်သက်ကာ ဆန္ဒပြကြတဲ့ ဒါဇင်နဲ့ချီသော Google ဝန်ထမ်းများ အလုပ်ထုတ်ခြင်းခံရ

ပြီးခဲ့တဲ့ မတ်လတုန်းက အစ္စရေး အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ Nimbus Project အကြောင်းကို ပြောကြားတဲ့ ပွဲအတွင်း Google Cloud အင်ဂျင်နီယာဟောင်း တစ်ဦးဟာ “လူမျိုးတုံးသတ်ဖြတ်မှုအတွက် နည်းပညာကို ကန့်ကွက်ကြောင်း” အများကြားထဲ ထပြောခဲ့ခြင်းကြောင့် အလုပ်ထုတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ၎င်းကိစ္စဟာ ပြီးဆုံးသွားခြင်းမရှိပဲ Google ကုမ္ပဏီအတွင်းမှာ ဆက်လက်ပျံ့ပွားခဲ့ကာ အခုမှာတော့ ဆန္ဒထုတ်ဖော်တဲ့ အဆင့်အထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Google ကုမ္ပဏီအတွင်း ဆန္ဒပြမှုများဟာ ပြီးခဲ့တဲ့ လတုန်းက စတင်ခဲ့တာဖြစ်ပြီး New York City ၊ Sunnyvale နှင့် California တို့ရှိ Google ရုံးခန်းများအတွင်းအထိ ဖြစ်ပွားလာခဲ့ကြောင်း သိရပါတယ်။ Sunnyvale မှာဆိုရင် Google Cloud CEO Thomas Kurian ရဲ့ ရုံးခန်းထဲအထိ ဝင်ရောက်ကာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ Google ရဲ့ ပြောခွင့်ရှိသူရဲ့ ပြောပြမှုအရ “သူတို့ရဲ့ လုပ်ဆောင်မှုများဟာ ကုမ္ပဏီရဲ့ လုပ်ငန်းများကို အနှောက်အယှက်ဖြစ်စေသလို အခြားသော ဝန်ထမ်းများကိုပါ အန္တာရယ်ပေးတဲ့ အပြုအမူမျိုး ဖြစ်ကြောင်း” သိရပါတယ်။ ဒါ့အပြင် ဆန္ဒပြမှုအတွင်း ပါဝင်သူများဟာ ကုမ္ပဏီရဲ့ လုပ်ငန်းအတွင်း ထဲထဲဝင်ဝင် လုပ်ဆောင်နေသူများလည်း မဟုတ်ကြောင်း ၎င်းကပြောပါတယ်။

ဆန္ဒပြသူများဟာ Google ရဲ့ ရုံး ပြင်ပမှာသာမက အတွင်းမှာပါ “အသားအရောင်ခွဲခြားမှုအတွက် နည်းပညာမရှိကြောင်း” ၊ “လူမျိုးတုံးသတ်ဖြတ်မှုအတွက် နည်းပညာကို ကန့်ကွက်ကြောင်း” အစရှိတဲ့ စာတန်းများနဲ့ ဆန္ဒပြနေကြသလို လုပ်ငန်းအား အနှောက်အယှက်ဖြစ်စေတဲ့ အပြုအမူများကိုလည်း ပြုလုပ်လာနေတာကြောင့် Google က အလုပ်ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဆန္ဒပြသူများဘက်ကလည်း Google အား အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်ကာ နစ်နာမှုများအတွက် တရားပြန်စွဲရန် ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက အမေရိကန် အမျိုးသား အလုပ်သမား ဆက်ဆံရေး ဘုတ်အဖွဲ့အား တိုင်ကြားထားကြောင်း သိရပါတယ်။ ဒါ့ကြောင့် Nimbus Project နဲ့ ပတ်သက်တဲ့ ပြဿနာဟာ ရပ်တန့်သွားခြင်းမရှိပဲ ဆက်လက်ဖြစ်ပွားနေတာကြောင့် Google ဘက်က ဘယ်လိုမျိုး ဖြေရှင်းသွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version