Google ဟာ ကွမ်တမ် ကွန်ပျူတာတွေအတွက် ကွမ်တမ် တွက်ချက်မှုမှာ လက်တွေ့အသုံးချနိုင်မယ့် Algorithm ကို တီထွင်နိုင်ခဲ့ကြောင်း ကြေငြာလိုက်တာ ဖြစ်ပါတယ်။ ၎င်း Algorithm နဲ့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုပြီး ထူးခြားတဲ့ ဒေတာတွေကို ဖန်တီးနိုင်မှာ ဖြစ်ကြောင်းလည်း Google က ပြောပါတယ်။
Google ရဲ့ Algorithm အသစ်ကို Quantum Echoes လို့ နာမည်ပေးထားပြီး ကုမ္ပဏီရဲ့ ကိုယ်ပိုင် ကွမ်တမ် Chip နဲ့ အလုပ်လုပ်မှာ ဖြစ်ကာ Supercomputer တွေမှာ ရှိတဲ့ အဆင့်အမြင့်ဆုံး ဂန္ထဝင် Algorithm တွက်ချက်မှုထက် အဆ ၁၃၀၀၀ လောက်အထိ ပိုမြန်မှာ ဖြစ်ကြောင်း Google က ပြောပါတယ်။ အနာဂတ်မှာ Quantum Echoes Algorithm ဟာ မော်လီကျူးများရဲ့ မော်လီကျူး ဖွဲ့စည်းပုံများ တွက်ချက်ရာမှာ အကူအညီပေးနိုင်မှာ ဖြစ်သလို သိပ္ပံနဲ့ ပတ်သက်တဲ့ ပစ္စည်းအသစ်များကို ခွဲခြားသတ်မှတ်ခြင်းတွေ အတွက်လည်း အသုံးပြုနိုင်မှာ ဖြစ်ကြောင်း ကုမ္ပဏီရဲ့ အလုပ်အမှုဆောင် အရာရှိက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက Google ဟာ Willow လို့ခေါ်တဲ့ ကွမ်တမ် Chip ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်း Chip ဟာ ကွမ်တမ်တွက်ချက်မှုရဲ့ အခြေခံအုတ်မြစ်များဖြစ်တဲ့ “qubits” နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ပြဿနာတစ်ခုကို ကျော်လွှားနိုင်ကြောင်း ကုမ္ပဏီက ပြောခဲ့ပါတယ်။ အခု တီထွင်ဖန်တီးခဲ့တဲ့ Quantum Echoes Algorithm ဟာလည်း အကြမ်းမျဥ်းအားဖြင့် Chip ရဲ့ အရေးပါမှုနဲ့ တူညီမှာဖြစ်ကြောင်း အလုပ်အမှုဆောင် အရာရှိက ပြောပါတယ်။