Gizmodo ရဲ့ စပိန်ဘာသာသတင်း Website ဟာ AI Translator ကို စတင်အသုံးပြု

G/O Media အပိုင် Gizmodo နည်းပညာသတင်း Website ရဲ့ စပိန်ဘာသာ Website အခွဲ Gizmodo en Español မှာ သတင်းများကို အင်္ဂလိပ်ဘာသာမှ စပိန်ဘာသာသို့ ပြောင်းလဲရာတွင် AI Translator ကို အသုံးပြုနေကြောင်း သိရပါတယ်။

G/O Media ဟာ Gizmodo en Español ရှိ ဝန်ထမ်းများကို သြဂုတ်လ ၂၉ ရက်နေ့မှာ အလုပ်ထုတ်ခဲ့ပြီးနောက် AI Translator ကို အသုံးပြုကာ Main Website ရှိ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ သတင်းများကို တိုက်ရိုက်ဘာသာပြန်ဆိုကာ တင်ဆက်နေကြောင်း Writer Matías S. Zavia က X မှာ တင်ခဲ့ပါတယ်။ ဒါ့ကြောင့် Gizmodo ရှိ စပိန်ဘာသာနဲ့ ပြန်ဆိုထားတဲ့ သတင်းများရှိ စကားလုံး အသုံးအနှုန်းတွေဟာ လိုက်လျှော်ညီထွေမှုမရှိတာကို တွေ့လာရကြောင်း ဝေဖန်မှုများလည်း ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စပိန်သတင်းဌာန AZ Adslzone က G/O Media ကို ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ခြင်း မရှိဘူးလို့ သိရပါတယ်။ G/O Media ရဲ့ ဂျာနယ်သမားကလည်း သူတို့ရဲ့ အကြံဉာဏ်မပါပဲ AI နဲ့ သတင်းများရေးသားနေခြင်းကို ရှုတ်ချမှုများရှိနေသလို GMG သမဂ္ဂ ကလည်း AI နဲ့ ရေးသားထားတဲ့ သတင်းတွေကို မဖတ်ကြဖို့ တောင်းဆိုနေတာတွေ ရှိကြောင်းလည်း သိရပါတယ်။

ဘယ်လိုအပြစ်တင်ပြောဆိုမှုများရှိနေပါစေ Gizmodo en Español က AI Translator ကို စတင်အသုံးပြုတဲ့ သတင်းဌာနတစ်ခုအဖြစ် မှတ်တမ်းတင်သွားပြီဖြစ်ကာ ဘယ်အချိန်ထိ AI Translator ကို ဆက်လက်အသုံးပြုသွားနိုင်မလဲ၊ ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုပြဿနာတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။ Gizmodo en Español ရဲ့ AI Translator ကို အသုံးပြုပြီး သတင်းများဘာသာပြန်ခြင်းအပေါ် စာဖတ်ပရိတ်သတ်ကြီးရော ဘယ်လိုမြင်လဲဆိုတာ မျှဝေပေးသွားပါအုံးနော်။

ADVERTISEMENT
Exit mobile version