Ford ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က ပိတ်သိမ်းခဲ့ရတဲ့ Argo AI ကုမ္ပဏီမှ ဝန်ထမ်းပေါင်း ၅၅၀ ကို ပြန်လည်ခေါ်ယူခဲ့ပြီး Argo AI ကုမ္ပဏီရဲ့ မောင်းသူမဲ့ AI စနစ်ကို အဆင့်မြှင့်ကာ Latitude AI ဆိုတဲ့ နာမည်နဲ့ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။
Latitude AI နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို Argo AI ကုမ္ပဏီ အခြေစိုက်ခဲ့တဲ့ Pittsburgh မှာပဲ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ AV သုတေသနလုပ်ငန်းနဲ့ ပတ်သက်ပြီး အချက်အချာ နေရာတစ်ခုဖြစ်လာမယ်လို့ Ford က ပြောပြထားပါတယ်။ အင်ဂျင်နီယာနှင့် သက်ဆိုင်တဲ့ အချက်အချာ နေရာတွေက Dearborn ၊ Michigan နှင့် Palo Alto ၊ California တို့ ဖြစ်ပြီးတော့ အဝေးပြေး အရှိန်ထိန်းချုပ်မှုဆိုင်ရာ လုပ်ငန်းကိုတော့ Greenville ၊ South Carolina မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Ford ရဲ့ BlueCruise လို့ခေါ်တဲ့ အဆင်မြင့် ယာဥ်မောင်းအကူစနစ်ဟာ အဆင့် (၂) စနစ်တစ်ခုဖြစ်ပြီး ဒီစနစ်ဟာ အရှိန်းထိန်းချုပ်ခြင်း၊ ဘရိတ်စနစ် နှင့် အလိုအလျှောက် လမ်းကိုသိနိုင်တဲ့ စနစ်တွေကို ထိန်းချုပ်ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။ ယာဥ်မောင်းဟာ ကားလက်ကိုင်ကို ကိုင်ထားစရာမလိုတဲ့အပြင် ခြေနင်းတွေကိုလည်း ထိထားစရာမလိုပဲ ကားကိုစီးနိုင်ပေမယ့် လမ်းကိုတော့ ကြည့်နေဖို့ လိုလိမ့်မယ်လို့ Ford က ပြောထားပါတယ်။ Ford ဟာ BlueCruise စနစ်နဲ့ကားကို မိုင်ပေါင်း သန်း ၅၀ အထိ စမ်းသပ်မောင်းနှင်ထားပြီး ဖြစ်တယ်လို့လည်း ပြောထားပါသေးတယ်။ Ford ရဲ့ CEO Jim Farley က “L4 ADAS ရဲ့ အနာဂတ်ကို ကျွန်တော်တို့ ကောင်းမယ်လို့ မြင်ပါတယ်၊ အပြည့်အဝ မောင်းသူမဲ့ စနစ်ဟာ အမြတ်ရနိုင်ပေမယ့် အဲတာဟာ ရှည်လျားတဲ့ ခရီးတစ်ခုဖြစ်သလို ဒီနည်းပညာကို ကိုယ်တိုင်ဖန်တီးဖို့လည်း မလိုအပ်ဘူး” လို့ ပြောခဲ့ပါတယ်။
Ford ဟာ မောင်းသူမဲ့ Latitude AI စနစ်ကို မိတ်ဆက်လိုက်ပြီဆိုတော့ သူတို့ရဲ့ နောက်ပိုင်းကားတွေမှာ မောင်းသူမဲ့စနစ်တွေ ပါဝင်လာမယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ဒီလိုမောင်းသူမဲ့ စနစ်ကို Ford ကုမ္ပဏီတစ်ခုသာ မဟုတ်ပဲ ကားကုမ္ပဏီကြီး တော်တော်များများက တီထွင်နေကြတာဖြစ်လို့ အနာဂတ်မှာ မောင်းသူမဲ့ကားတွေကို အများအပြား မြင်လာရတော့မှာ ဖြစ်ပါတယ်။