Elon Musk က X.AI ကုမ္ပဏီအသစ်ကို တည်ထောင်

Elon Musk ဟာ X.AI လို့ နာမည်ပေးထားတဲ့ AI ကုမ္ပဏီတစ်ခုကို တည်ထောင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဒီ AI ကုမ္ပဏီနဲ့ ပတ်သက်ပြီး Elon Musk ဘက်ကတော့ အခုအချိန်ထိ ချပြခြင်းမရှိသေးပါဘူး။

Nevada လို့ခေါ်တဲ့ ကုမ္ပဏီမှတ်တမ်းမှာ X.AI ဆိုတဲ့ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာ စာရင်းဝင်ခဲ့တာဖြစ်ပြီး Elon Musk က ကုမ္ပဏီရဲ့ ဒါရိုက်တာ ၊ Musk မိသားစုရုံး၏ ဒါရိုက်တာဖြစ်သူ Jared Birchall က အတွင်းရေးမှူးအဖြင့် မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။ X ဆိုတာက Elon Musk ကြိုက်နှစ်သက်တဲ့ အမှတ်အသားတစ်ခုဖြစ်လို့ ကုမ္ပဏီရဲ့ နာမည်ကိုလည်း X.AI လို့ ပေးထားတာ ဖြစ်နိုင်ပါတယ်။

ကောလဟာလ သတင်းများအရ Elon Musk ဟာ SpaceX နှင့် Tesla တို့မှာ ရန်ပုံငွေရှာပြီး AI ကုမ္ပဏီတစ်ခုကို တည်ထောင်မလို့ စီစဥ်နေတာ ဖြစ်ပြီး မကြာသေးမှီကလည်း Graphic Card အမြောက်အများကို Elon Musk က ဝယ်ယူခဲ့တယ်လို့ သိရှိရပါတယ်။ ဒီလိုဆိုတော့ Elon Musk ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ စဥ်းစားစရာတော့ ဖြစ်လာပါပြီ။ OpenAI ၊ Microsoft နှင့် Google တို့ဟာ သူတို့ရဲ့ AI တွေကို သူတို့ရဲ့ နယ်ပယ်အသီးသီးမှာ Tools တစ်ခုအနေနဲ့ အစားထိုးအသုံးပြုလာကြတာ တွေ့ရပြီး ဒီလိုအလှည့်ပြောင်းကို လက်ခံတဲ့လူတွေရှိသလို လက်မခံတဲ့လူတွေလည်း ရှိနေကြပါတယ်။

AI ဟာ လူသားတွေအတွက် ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ နာမည်ကြီးနေတဲ့ OpenAI ရဲ့ ChatGPT ၊ Microsoft ရဲ့ Bing နှင့် Google ရဲ့ Bard တို့ကို နောက်ထပ် အဆင့်မမြှင့်တင်ကြဖို့ လက်မှတ်ထိုးတဲ့ထဲမှာ Elon Musk ကိုယ်တိုင်ပါဝင်ခဲ့ပြီး အခုတော့ Elon Musk ကိုယ်တိုင်က AI ကုမ္ပဏီကို တည်ထောင်ဖို့ ကြိုးစားနေတာကြောင့် ဝေဖန်မှုတွေ ခံနေရတာ တွေ့ရပါတယ်။ ရှေ့ဆက်ပြီး AI လောကမှာ ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။

Exit mobile version