AI အတွက် ပြင်းထန်တဲ့ ဥပဒေ လိုအပ်နေပြီ ဖြစ်ကြောင်း သြစတေးလျ ပြောကြား

ဇွန်လ ၁ရက်နေ့ ကြာသပတေးနေ့မှာ သြစတေးလျနိုင်ငံက AI နဲ့ ပတ်သက်ပြီး ထိန်းချုပ်ဖို့ ပြင်းထန်တဲ့ ဥပဒေတွေ လိုအပ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဓိကအားဖြင့် Deep Fakes လိုမျိုး သဘာဝကျကျ ဖန်တီးပေးနိုင်တဲ့ AI အမျိုးအစားတွေ ပေါ်ပေါက်လာခြင်းကို သြစတေးလျက စိုးရိမ်နေတာ ဖြစ်ပါတယ်။ မသမာသူများဟာ AI ကို အလွဲသုံးစားလုပ်ပြီး တရားဥပဒေရေးရာမှာ အသုံးပြုလာနိုင်တာကြောင့် AI ကို ထိန်းချုပ်ဖို့ ပြင်းထန်တဲ့ ဥပဒေ လိုအပ်နေပြီလို့ ဆိုပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ဒီအပတ် အစောပိုင်းတုန်းက AI ထိပ်တန်း အမှုဆောင်များ အစည်းအဝေး ပြီးနောက် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အဆိုပါ အစည်းအဝေးက ထုတ်ပြန်ချက်မှာ AI ကို ကပ်ရောဂါနဲ့ နျူကလီးယား စစ်ပွဲတို့ရဲ့ အန္တာရယ်များနဲ့ ညီမျှစေရန် မူဝါဒချမှတ်သူများကို တိုက်တွန်းထားတာ တွေ့ရပါတယ်။

ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သြစတြေးလျ အမျိုးသားသိပ္ပံနဲ့ နည်းပညာကောင်စီရဲ့ အစီရင်ခံစာတွင် AI ကိုအသုံးပြုပြီး အများသူငှာ အမြင်လွဲမှားစေရန် တင်ပြမှုများ ဖန်တီးကာ လွှတ်တော်အစည်းအဝေးများတွင် အလွဲသုံးစားလုပ်နိုင်ကြောင်း ပြသခဲ့ပါသေးတယ်။ စက်မှုနှင့်သိပ္ပံဝန်ကြီး Ed Husic ကလည်း “နည်းပညာဟာ သူ့အလိုလို အရှေ့ရောက်နေတာလား ဆိုတာကို လူ့အသိုင်းအဝိုင်းထဲမှာ စိုးရိမ်စရာရှိတယ်” လို့လည်း ပြောကြားထားပါတယ်။ ဒါ့အပြင် Husic က အစိုးရတွေဟာ ဒီအန္တာရယ်နဲ့ ပတ်သက်ပြီး ကန့်သတ်ချက်များကို နေရာချထားတဲ့ အခန်းကဏ္ဍမှာ ရှင်းရှင်းလင်းလင်း ပါဝင်ဖို့ရန် လိုအပ်ကြောင်းလည်း ပြောထားတာ တွေ့ရပါတယ်။

သြစတြေးလျဟာ ၂၀၁၈ ခုနှစ်ကတည်းက စေတနာအလျောက် AI နဲ့ ပတ်သက်တဲ့ ကျင့်ဝတ်မူဘောင်ကို ထုတ်ဖော်ပြသခဲ့ပြီး AI ကို ထိန်းကျောင်းတဲ့ ပထမဦးဆုံး နိုင်ငံစာရင်းထဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဥရောပက ဥပေဒပြုသူများကလည်း ပြီးခဲ့တဲ့ လတုန်းက AI နဲ့ ပတ်သက်တဲ့ ဥပဒေကို ချမှတ်ရန် နီးကပ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကာ ၎င်းဥပဒေဟာ ခေတ်မှီနိုင်ငံများတွင် စံနမူနာပြနိုင်မယ့် ကမ္ဘာ့ပထမဦးဆုံး ပြီးပြည့်စုံတဲ့ AI ဥပဒေ ဖြစ်လာနိုင်တယ်လို့ ပြောကြားထာပါတယ်။ ဒီလိုဆိုတော့ မကြာမီအချိန်မှာ AI ကို ထိန်းချုပ်မလို့ ဥပဒေတွေ ထွက်ပေါ်လာတော့မှာ ဖြစ်တာကြောင့် AI လောကဟာ ဘယ်လိုမျိုး ဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Exit mobile version