Asus စမတ်ဖုန်းလုပ်ငန်းကို အကန့်အသတ်မရှိ ရပ်နားကြောင်း အတည်ပြု – AI ကိုပဲ အဓိကထားတော့မည်

Asus က သူတို့ရဲ့ နာမည်ကြီး Smartphone စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ROG Phone နဲ့ Zenfone ထုတ်လုပ်မှုတွေကို အကန့်အသတ်မရှိ ရပ်နားလိုက်ပြီလို့ ၂၀၂၆ ဇန်နဝါရီလမှာ ကုမ္ပဏီရဲ့ ဥက္ကဌ Jonney Shih ကိုယ်တိုင်က တရားဝင် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီအစား Asus က AI product တွေဖြစ်တဲ့ စက်ရုပ်တွေ၊ စမတ်မျက်မှန်တွေနဲ့ AI server တွေကိုပဲ အဓိကထားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Asus စမတ်ဖုန်းလုပ်ငန်းကို အကန့်အသတ်မရှိ ရပ်နားကြောင်း အတည်ပြု – AI ကိုပဲ အဓိကထားတော့မည်

ဒါကြောင့် ၂၀၂၆ မှာ Zenfone အသစ်တွေ၊ ROG Phone အသစ်တွေကို မျှော်လင့်နေလို့ မရတော့ပါဘူး။ Gaming phone တွေရဲ့ ဘုရင်လို့ သတ်မှတ်ခံရတဲ့ ROG Phone တွေကတော့ spec တွေအရမ်းကောင်းပေမယ့် ဈေးကလည်း Samsung ရဲ့ flagship တွေထက်တောင် ပိုများနေတာကြောင့် သီးသန့် gaming phone သုံးချင်တဲ့သူက အရမ်းနည်းပါးနေခဲ့ပါတယ်။ နောက်ပြီး နည်းပညာကလည်း တစ်နှစ်နဲ့တစ်နှစ် အများကြီး မပြောင်းလဲတော့သလို၊ ဈေးနှုန်းတွေကလည်း တက်လာတဲ့အတွက် လူတွေက ဖုန်းတစ်လုံးကို အကြာကြီးကိုင်လာကြပါတယ်။ ဒါ့အပြင် Vivo, Xiaomi တို့လို တရုတ်ကုမ္ပဏီကြီးတွေရဲ့ ကြီးထွားလာမှုကြောင့် Asus လိုမျိုး niche market ကို ပစ်မှတ်ထားတဲ့ ကုမ္ပဏီတွေအတွက် နှစ်တိုင်းဖုန်းအသစ်ထုတ်ပြီး ပိုက်ဆံရှာဖို့က အရမ်းခက်ခဲလာတာပါ။

Asus အတွက်တော့ ဒါက မှန်ကန်တဲ့ စီးပွားရေးဆုံးဖြတ်ချက်တစ်ခုပါ။ သူတို့ရဲ့ AI server လုပ်ငန်းက ဝင်ငွေနှစ်ဆတိုးလာတာကြောင့် ကုမ္ပဏီတစ်ခုလုံးရဲ့ ဝင်ငွေက ၂၆% ကျော် တိုးတက်လာခဲ့ပါတယ်။ အရှုံးခံပြီး ဖုန်းဆက်ထုတ်နေမယ့်အစား၊ အမြတ်အစွန်းများတဲ့ AI ဘက်ကိုပဲ အာရုံစိုက်လိုက်တာက စီးပွားရေးအရတော့ မှန်ကန်တဲ့ ခြေလှမ်းတစ်ခုလို့ပဲ ဆိုရမှာပါ။

Exit mobile version