Siri ကို Google Gemini နဲ့ ပေါင်းပြီး Apple က ဖေဖော်ဝါရီလမှာ မိတ်ဆက်ဖွယ်ရှိ

Apple က သူ့ရဲ့ ပြိုင်ဘက်အကြီးဆုံးဖြစ်တဲ့ Google ရဲ့ Gemini AI နဲ့ အားဖြည့်ထားတဲ့ Siri ပုံစံသစ်ကို လာမယ့် ဖေဖော်ဝါရီလ ဒုတိယတစ်ပတ်မှာ စတင်မိတ်ဆက်ပြသတော့မယ်လို့ Bloomberg က Mark Gurman က ဖော်ပြလိုက်ပါတယ်။

ဒီသတင်းအရ Apple က Gemini နဲ့ပေါင်းစပ်ထားတဲ့ Siri ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို အရင်ဆုံး demo ပြသသွားမှာဖြစ်ပြီး၊ အဲ့ဒီနောက်မှာတော့ iOS 26.4 beta version အဖြစ် ဖေဖော်ဝါရီလမှာပဲ developer တွေဆီ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။ သာမန်သုံးစွဲသူတွေဆီကိုတော့ မတ်လ ဒါမှမဟုတ် ဧပြီလအစောပိုင်းမှာ ရောက်ရှိလာနိုင်ပါတယ်။

Siri ကို Google Gemini နဲ့ ပေါင်းပြီး Apple က ဖေဖော်ဝါရီမှာ မိတ်ဆက်ဖွယ်ရှိ

ဒီ Gemini နဲ့ပေါင်းစပ်ထားတဲ့ Siri အသစ်က အရင်လို မေးခွန်းတွေပဲဖြေတာမျိုးမဟုတ်ဘဲ၊ ChatGPT လိုမျိုး AI chatbot တစ်ယောက်လို ပိုပြီး သဘာဝကျကျ စကားပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး Apple က လာမယ့် နွေရာသီမှာကျင်းပမယ့် သူ့ရဲ့ WWDC developer conference မှာ “Campos” လို့ codename ပေးထားတဲ့ Siri အသစ်ကို အကြီးအကျယ်မိတ်ဆက်ပွဲလုပ်ပြီး၊ iOS 27, iPadOS 27 နဲ့ macOS 27 တို့မှာ အပြည့်အဝထည့်သွင်းသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

တကယ်တမ်းတော့ ဒီခြေလှမ်းက Apple အတွက် တော်တော်လေးကို ကြီးမားတဲ့ အပြောင်းအလဲတစ်ခုပါပဲ။ ပြိုင်ဘက်အကြီးဆုံးဖြစ်တဲ့ Google ရဲ့ AI ကို ကိုယ့်ရဲ့ အဓိက product တစ်ခုဖြစ်တဲ့ Siri မှာ ယူသုံးလိုက်တာက သူတို့ AI လောကမှာ ဘယ်လောက်နောက်ကျကျန်ခဲ့လဲဆိုတာကို ဝန်ခံလိုက်တာနဲ့ အတူတူပါပဲ။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒါက Apple အနေနဲ့ AI ပြိုင်ဆိုင်မှုထဲကို အမြန်ဆုံးပြန်ဝင်လာဖို့အတွက် အလက်တွေ့ကျဆုံးနဲ့ အမြန်ဆုံးနည်းလမ်းကို ရွေးချယ်လိုက်တာကို ပြနေတာပဲ ဖြစ်ပါတယ်။

Exit mobile version