Apple Podcasts မှာ Video Podcast တွေ စတင်ကြည့်ရှုနိုင်ပြီ

Apple က Apple Podcasts app အတွက် အကြီးမားဆုံး update တစ်ခုကို ကြေညာလိုက်ပါပြီ။ ဒါကတော့ podcast တွေကို အသံတင်မဟုတ်ဘဲ video ပါ တစ်ခါတည်း အရည်အသွေးအကောင်းဆုံးနဲ့ ကြည့်ရှုနိုင်မယ့် feature အသစ်ပါပဲ။ ဒီ feature က လာမယ့်နွေဦးမှာ iOS 26.4 နဲ့အတူ တရားဝင်ထွက်ရှိလာမှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ podcast တစ်ခုကို နားထောင်နေရာကနေ video ကြည့်ချင်ရင် အလွယ်တကူ ပြောင်းလို့ရတော့မှာပါ။ full-screen ကြည့်တာ၊ offline download လုပ်တာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ Apple ရဲ့ HLS technology ကြောင့် Wi-Fi ဖြစ်ဖြစ်၊ cellular data ဖြစ်ဖြစ် အင်တာနက်လိုင်းအခြေအနေပေါ်မူတည်ပြီး ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Apple Podcasts မှာ Video Podcast တွေ စတင်ကြည့်ရှုနိုင်ပြီ

နောက်ပြီး ဒီ update က သုံးစွဲသူတွေအတွက်ထက် Creator တွေအတွက် ပိုပြီး အကျိုးရှိစေမှာလဲ ဖြစ်ပါတယ်။ အဓိကအချက်ကတော့ creator တွေက သူတို့ရဲ့ video podcast တွေမှာ ကြော်ငြာတွေကို dynamic ad insertion နဲ့ ထည့်သွင်းနိုင်တော့မှာပါ။ အရင်လို ကြော်ငြာကို video ထဲမှာ အသေထည့်ထားတာမျိုးမဟုတ်ဘဲ၊ ကြည့်ရှုသူအလိုက် ကြော်ငြာတွေ ပြောင်းလဲပြသနိုင်မှာဖြစ်လို့ ဝင်ငွေပိုရနိုင်တဲ့ အခွင့်အလမ်းသစ်တွေ ပွင့်သွားတာပါပဲ။ Creator တွေက သူတို့ရဲ့ content နဲ့ ဝင်ငွေလမ်းကြောင်းကို အပြည့်အဝ ထိန်းချုပ်ခွင့်ရှိမှာဖြစ်ပြီး Apple က creator တွေဆီက ပိုက်ဆံမယူပေမယ့်၊ ဒီစနစ်ကနေတစ်ဆင့် ကြော်ငြာထည့်ပေးတဲ့ ad network တွေဆီကနေတော့ impression-based fee (ကြော်ငြာပြသမှုအပေါ်မူတည်တဲ့ ဝန်ဆောင်ခ) ကို ကောက်ခံသွားမှာ ဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ ဒါက Apple က ပြိုင်ဘက်တွေဖြစ်တဲ့ Spotify နဲ့ YouTube တို့ကို အမီလိုက်တဲ့ ခြေလှမ်းတစ်ခုပါပဲ။ ဒါပေမယ့် Apple က နောက်ကျမှဝင်လာပေမယ့် သူ့ရဲ့ အားသာချက်ဖြစ်တဲ့ HLS technology နဲ့ dynamic ad insertion ကိုသုံးပြီး creator တွေအတွက် monetization ကို အဓိကထား ဖြေရှင်းပေးလိုက်တာကတော့ တော်တော်လေး ကောင်းတဲ့ ခြေလှမ်းတစ်ခုပါ။ ဒါက podcast လောကကို audio တစ်ခုတည်းကနေ audio-visual medium တစ်ခုအဖြစ် တရားဝင်အသွင်ကူးပြောင်းသွားစေမယ့် အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုပါပဲ။ creator တွေအတွက်တော့ ပရိသတ်အသစ်တွေရဖို့နဲ့ ဝင်ငွေလမ်းကြောင်းသစ်တွေ ဖော်ဆောင်ဖို့အတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာမှာ သေချာပါတယ်။

Exit mobile version