သတင်းတွေအရ Apple က ဈေးသက်သာတဲ့ MacBook အတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေကို မကြာခင်မှာ စတင်ထုတ်လုပ်တော့မယ်လို့ ဆိုပါတယ်။ အဆိုပါ MacBook ကို $599 ဒါမှမဟုတ် $699 လောက်နဲ့ ဈေးသတ်မှတ်မယ်လို့ ခန့်မှန်းထားကြပြီး ဒါက လက်ရှိ MacBook Air ထက် အများကြီး ဈေးသက်သာနေတာ ဖြစ်ပါတယ်။
ထူးခြားတာကတော့ ဒီ MacBook မှာ M-series chip တွေအစား iPhone မှာသုံးတဲ့ A18 Pro chip ကို သုံးစွဲသွားမှာဖြစ်ပါတယ်။ နောက်ဆုံးထွက်ထားတဲ့ Report အရ Screen Size က 12.9-inch ဖြစ်လာမယ်လို့လည်း သိရပါတယ်။ ဒါက လက်ရှိ 13.6-inch MacBook Air ထက် သိသိသာသာကို သေးငယ်သွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က Apple ဟာ iPad တွေမှာ သုံးခဲ့တဲ့ အတိုင်း Mac lineup ကိုပါ ချဲ့ထွင်လာတာဖြစ်ပြီး ဈေးနှုန်းအမျိုးမျိုးနဲ့ User တိုင်းအတွက် ရွေးချယ်စရာတစ်ခုရှိနေအောင် လုပ်ဆောင်လာတာဖြစ်ပါတယ်။

Apple ရဲ့ $999 ဖြင့်ရောင်းတဲ့ MacBook Air က တန်တယ်ဆိုပေမယ့် လူတော်တော်များများအတွက်တော့ စျေးကကြီးနေတုန်းပါပဲ။ ကွန်ပျူတာအသစ်တစ်လုံးဝယ်ဖို့ စဉ်းစားတဲ့အခါ PC တွေရဲ့ ဈေးနှုန်းနဲ့ယှဉ်လိုက်ရင် Mac ရဲ့ ဈေးကြီးမှုက လူတွေကို လက်တွန့်သွားစေတဲ့ အဓိကအချက်ဖြစ်နေပါတယ်။ PC ကနေ Mac ကို ပြောင်းသုံးဖို့ စိတ်ဝင်စားတဲ့ iPhone user တွေ အများကြီးရှိနေပေမယ့် Mac ရဲ့ ဈေးနှုန်းကြောင့် စွန့်စားပြီးမဝယ်ရဲဘဲ ဖြစ်နေကြတာပါ။
ဒါပေမယ့် အခုလာမယ့် 12.9-inch MacBook နဲ့ဆိုရင်တော့ Apple က Mac လောကထဲကို user အသစ်တွေ အများကြီးဝင်လာဖို့ တံခါးဖွင့်ပေးလိုက်သလိုပါပဲ။ ဒါ့အပြင် macOS Tahoe နဲ့ iOS 26 တို့ကလည်း အရင်ကထက် ပိုပြီး ချိတ်ဆက်အလုပ်လုပ်လာတော့မှာဆိုတော့ ပိုပြီးအဆင်ပြေလာမှာပါ။