Apple က အသစ် မိတ်ဆက်ပေးလိုက်တဲ့ Apple Invites Apps

iPhone အသုံးပြုသူများအတွက် Apple Invites ဆိုတဲ့ Apps အသစ်ကို Apple က မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ Apple Invites ဆိုတာ ပွဲတစ်ခုခု ကျင်းပတဲ့အခါ သူငယ်ချင်း၊ မိတ်ဆွေများကို ဖိတ်ကြားနိုင်မယ့် Apps လို့ အလွယ်တကူ မှတ်ယူ နိုင်ပါတယ်။

Apple Invites Apps ကို Apple Apps Store မှာ Download ရယူနိုင်သလို Web မှ တစ်ဆင့်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပွဲတစ်ခုအတွက် ဖိတ်စာကို iCloud+ Subscribers များသာ ဖန်တီးနိုင်မှာ ဖြစ်ပြီး ဖန်တီးထားတဲ့ ဖိတ်စာကိုတော့ Apple အ‌ကောင့် ရှိသူများ (သို့မဟုတ်) Apple Devices အသုံးပြုသူများ အားလုံးကို ပေးပို့နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

ဖိတ်စာဖန်တီးရာမှာ အသုံးပြုသူရဲ့ ဖုန်း၊ iCloud ရှိ ဓာတ်ပုံများကို ယူသုံးနိုင်သလို အရင်နှစ်တွေတုန်းက ကျင်းပခဲ့တဲ့ အမှတ်တရပုံတွေကိုလည်း ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Apple Music Subscribers များဆိုရင် ဖိတ်စာထဲမှာ နှစ်သက်ရာ သီချင်းကိုပါ ရွေးချယ် ထည့်သွင်းနိုင်မယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပွဲကျင်းပမယ့် တည်နေရာကို မြေပုံနဲ့တကွ ထည့်သွင်းထားနိုင်သလို ပွဲကျင်းပမယ့် ရက်ရဲ့ ရာသီဥတု အခြေအနေကိုပါ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။

အဖိတ်ခံရသူများဟာ ပွဲကို တက်ရောက်မလား၊ မတက်ရောက်နိုင်ဘူးလား၊ မသေချာ သေးဘူးလား၊ ပွဲထဲရောက်နေပြီလား အစရှိသည်ဖြင့် ပွဲစီစဥ်သူကို အကြောင်းပြန်နိုင်မှာ ဖြစ်တာကြောင့် ပွဲစီစဥ်သူအနေနဲ့ ပွဲကို ဘယ်နှစ်ဦး တက်ရောက်မလဲဆိုတဲ့ အသေးစိတ် အချက်အလက်များအားလုံးကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Apple Intelligence ရဲ့ အကူအညီကြောင့် ဖိတ်စာဖန်တီးရာမှာ ပိုမိုလွယ်ကူပြီး လှပတဲ့ ဖိတ်စာကို ဖန်တီးနိုင်အုံးမှာ ဖြစ်ပါတယ်။

Apple Invites Apps ကို မိတ်ဆက်ပေးရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မိသားစုများ၊ သူငယ်ချင်း၊ မိတ်ဆွေများကို အလွယ်တကူ ပေါင်းစည်းနိုင်ဖို့နဲ့ ပျော်ရွှင်စရာ အမှတ်တရများ ဖန်တီးနိုင်ဖို့အတွက် ဖြစ်ကြောင်း Apple က ပြောထားပါတယ်။

ADVERTISEMENT
Exit mobile version