Amazon ရဲ့ Search မှာ AI ကိုထည့်သွင်းဖို့ စီစဥ်နေကြောင်း သိရှိရ

Amazon ဟာ သူတို့ရဲ့ ကိုယ်ပိုင် AI တစ်ခုကို ဖန်တီးနေတာဖြစ်ပြီး မကြာတော့တဲ့အချိန်မှာ Amazon Search ထဲကို ထည့်သွင်းပေးရန် စီစဥ်နေကြောင်း သိရပါတယ်။

Amazon ရဲ့ AI နာမည်ကိုတော့ လက်ရှိအချိန်အထိ ပြောပြထားတာ မရှိသေးပေမယ့် Search ထဲမှာ ထည့်သွင်းမယ်ဆိုတာက သေချာသလောက်ရှိနေပြီ ဖြစ်ပါတယ်။ Amazon ရဲ့ ပြောပြထားမှုအရ AI ထည့်သွင်းထားတဲ့ Search ဟာ ဝယ်သူတွေကို များစွာအထောက်အကူပြုပေးနိုင်တယ်လို့ သိရပါတယ်။ ဝယ်သူတွေဟာ လိုချင်တဲ့ ပစ္စည်းကို အလွယ်တကူရှာဖွေနိုင်မှာ ဖြစ်သလို ပစ္စည်းတစ်ခုနဲ့ တစ်ခု နှိုင်းယှဥ်ခြင်း၊ ပစ္စည်းရဲ့ အရည်အသွေးစစ်ဆေးခြင်း နဲ့ အကြံပေးခြင်းတွေအပြင် နောက်ထပ်အများကြီး လုပ်လို့ရအုံးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပတ်က Google ကလည်း သူတို့ရဲ့ AI ဟာ စျေးဝယ်မှုမှာ ဘယ်လိုမျိုး အထောက်အကူပြုနိုင်လဲဆိုတာ ချပြလိုက်တာဖြစ်လို့ Amazon ကလည်း နောက်မှာ မကျန်ခဲ့ရအောင် အခုလိုမျိုး သူတို့ဖန်တီးထားတဲ့ AI အကြောင်းကို ထုတ်ပြောလာတာ ဖြစ်နိုင်ပါတယ်။ Amazon ရဲ့ ပြောရေးဆိုခွင့်ရှိသူ Keri Bertolino က “ကျွန်တော်တို့ စီးပွားရေးမှာ AI ကိုထည့်သွင်းမလို့ စဥ်ဆက်မပျက် ရင်းနှီးမြှပ်နှံနေပါတယ်” လို့ ပြောထားတာကြောင့် Amazon ရဲ့ AI ဟာ Search တစ်ခုထဲအတွက်မဟုတ်ပဲ အခြားအရာတွေအတွက်ပါ ဖြစ်လာနိုင်တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

Amazon ရဲ့ ပြောပြချက်အရ သူတို့ရဲ့ AI ဟာ အခုမှ အစဖြစ်တာကြောင့် အားနည်းချက်တွေ ရှိနေမှာဖြစ်ပြီး ChatGPT ၊ Microsoft Bing နဲ့ Google Bard တို့လောက်တော့ အားမကောင်းသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် မကြာတော့တဲ့အချိန်မှာ Amazon ရဲ့ Search ဟာ AI ပါဝါနဲ့ ဖန်တီးထားတဲ့ Search တစ်ခု ဖြစ်လာတော့မယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။

Exit mobile version