ပိုကောင်းလာတဲ့ ANC၊ Live Translation နဲ့ Heart-Rate Sensor အသစ် ပါဝင်လာမယ့် AirPods Pro 3

Apple ကတော့ iPhone 17 ပွဲမှာပဲ AirPods Pro 3 အသစ်ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ ဒီဇိုင်းက အရင် AirPods တွေနဲ့ ကြည့်လိုက်ရင် သိပ်မကွာပေမယ့် အတွင်းပိုင်းမှာတော့ အဆင့်မြှင့်တင်ထားတာတွေ အများကြီးပါဝင်ပါတယ်။ အဓိကပြောင်းလဲသွားတာတွေကတော့ ပိုပြီးအစွမ်းထက်လာတဲ့ Active Noise Cancellation (ANC)၊ Live Translation feature နဲ့ Heart-rate sensor တို့ပဲ ဖြစ်ပါတယ်။

Apple ရဲ့ အဆိုအရ AirPods Pro 3 ရဲ့ ANC က Pro 2 ထက် ဆူညံသံကို နှစ်ဆ ပိုရှင်းနိုင်ပါတယ်လို့ သိရပါတယ်။ ဒါက နည်းပညာကြောင့် သက်သက်မဟုတ်ဘဲ အသစ်ပြောင်းလိုက်တဲ့ foam ပါဝင်တဲ့ ear tip တွေကြောင့်လည်း ပါပါတယ်။ ဒီ ear tip အသစ်တွေက အပြင်ကဆူညံသံတွေ၊ အထူးသဖြင့် လူတွေစကားပြောတဲ့အသံကို အရင်ကထက် ပိုပြီးထိထိရောက်ရောက် ပိတ်ပေးနိုင်ပါတယ်။

ပိုကောင်းလာတဲ့ ANC၊ Live Translation နဲ့ Heart-Rate Sensor အသစ် ပါဝင်လာမယ့် AirPods Pro 3

WWDC မှာ ကြေညာခဲ့တဲ့ Live Translation feature က အခု AirPods Pro 3 မှာ တရားဝင်ပါဝင်လာပါပြီ။ ဒီ feature က ဖုန်းထဲက Translate app ကို အခြေခံပြီး ဘာသာစကားတွေကို တိုက်ရိုက်ပြန်ဆိုပေးတာပါ။ AirPod ကို ဖိထားပြီး၊ Siri ကိုခေါ်ပြီး ဒါမှမဟုတ် Action Button နဲ့ အလွယ်တကူ ဖွင့်နိုင်ပါတယ်။ H2 chip ပါတဲ့ AirPods Pro 2 နဲ့ AirPods 4 တွေမှာလည်း ဒီ feature ကို update နဲ့ ရရှိမှာဖြစ်ပါတယ်။

AirPods Pro 3 မှာပါတဲ့ နောက်ထပ် feature အသစ်ကတော့ နှလုံးခုန်နှုန်းကို တိုင်းတာပေးနိုင်တာပါပဲ။ ဒါပေမယ့် သတိပြုရမှာက ဒီ feature က Fitness app ထဲမှာ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာပဲ အလုပ်လုပ်မှာဖြစ်ပြီး၊ တခြားအချိန်တွေမှာတော့ နှလုံးခုန်နှုန်းကို ကြည့်လို့ရမှာ မဟုတ်ပါဘူး။ Apple က AirPods Pro 3 မှာ လေဝင်လေထွက်စနစ် (venting system) ကို အသစ်ပြန်ဒီဇိုင်းထုတ်ထားတဲ့အတွက် အသံအရည်အသွေးက အရင်ကထက် သိသိသာသာ ပိုကောင်းလာပါတယ်။ Bass သံတွေ ပိုထွက်လာပြီး အသံထွက်က ပိုပြီးကျယ်ပြန့်လာတာကို တွေ့ရပါတယ်။

ခြုံပြောရရင် AirPods Pro 3 က ဒီဇိုင်းအပြောင်းအလဲမရှိပေမယ့် အတွင်းပိုင်းမှာတော့ တကယ့်ကို ‘Pro’ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်ထားတာပါ။ အထူးသဖြင့် ANC ပိုကောင်းလာတာနဲ့ Live Translation ပါလာတာက နေ့စဉ်သုံးစွဲသူတွေအတွက် တကယ်ကို အသုံးဝင်မယ့် feature တွေဖြစ်ပါတယ်။ AirPods Pro 3 ကို $249 နဲ့ preorder စတင်မှာယူနိုင်ပြီဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာ iPhone 17 နဲ့အတူ တရားဝင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Exit mobile version