Apple ရဲ့ The Vision Pro ဟာ သိသိသာသာ အလေးချိန်စီးနေ

ပြီးခဲ့တဲ့ WWDC ပွဲမှာ Apple ကမိတ်ဆက်ပေးခဲ့တဲ့ The Vision Pro ကို ဝန်ထမ်းများ စမ်းသပ်အသုံးပြုမှုအရ အလေးချိန်က သိသိသာသာကြီး စီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

Apple ဟာ The Vision Pro ကို မိတ်ဆက်ပေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ကုမ္ပဏီထဲက ဝန်ထမ်းတွေကို ပိုမိုကိုင်တွယ်ထိတွေ့ခွင့် ပေးထားတာဖြစ်ပြီး စမ်းသပ်အသုံးပြုခဲ့တဲ့ ဝန်ထမ်းတွေရဲ့ ပြောပြချက်အရ အချိန်အကြာကြီး အသုံးပြုဖို့အတွက်တော့ သိသိသာသာ လေးနေကြောင်း သိရပါတယ်။ ဒါကလည်း Apple ဟာ သူ့ရဲ့ Headset ကို အခြားသော Headset တွေနဲ့ မတူညီအောင် အလူမီနီယမ်လို သတ္တုကို အသုံးပြုထားလို့ ဖြစ်ပါတယ်။ The Vision Pro မှာ Camera အများကြီး ပါဝင်တဲ့အပြင် အလူမီနီယမ်ကိုယ်ထည်ရော မှန်ရော အသုံးပြုထားတာကြောင့် ပလက်စတစ်အသုံးပြုထားတဲ့ အခြား VR Headset တွေထပ်တော့ သိသိသာသာကြီး လေးနေမှာ သေချာပါတယ်။

The Vision Pro ရဲ့ အလေးချိန်ကို Apple က ပြောပြထားတာမရှိပဲ လေးနေတာကို ဖြေရှင်းဖို့ ကြိုးတစ်မျိုးကို ထပ်မံဖန်တီးထားတယ်လို့ သိရပြီး ထိုကြိုးဟာ သီးသန့်ထပ်ဝယ်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ $3500 ကုန်ကျမယ့် The Vision Pro ကို ဝယ်ယူတဲ့အခါ လိုအပ်တဲ့ ပစ္စည်းအပြည့်အစုံရမှာမဟုတ်ပဲ ထပ်ဝယ်ရမယ့် ပစ္စည်းတွေ ရှိနေအုံးမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ထပ်ဝယ်ရမယ့် ကြိုးကရော လေးနေတဲ့ ပြဿနာကို အမှန်တကယ် ဖြေရှင်းပေးနိုင်ပါ့မလား ဆိုတာလည်း စိုးရိမ်စရာရှိနေပြန်ပါတယ်။

နောက်ထပ်တစ်ခုကတော့ Battery အပိုင်းဖြစ်ပါတယ်။ Apple ဟာ The Vision Pro ရဲ့ Battery နဲ့ ပတ်သက်ပြီး သေချာပြောပြထားတာမရှိတာကြောင့် Battery ကရော ဘယ်လောက်ထိ ခံမလဲဆိုတာကပါ မေးခွန်းထုတ်စရာ ရှိနေပါတယ်။ The Vision Pro ကို နောက်နှစ်ထဲမှာမှ ရောင်းချပေးမှာဖြစ်လို့ လိုအပ်ချက်တွေကို ပြင်ဆင်ဖို့ အချိန်က အများကြီးရှိနေပါသေးတယ်။ ဒီလိုဆိုတော့ The Vision Pro ရဲ့ လုပ်ဆောင်နိုင်စွမ်းက မြင့်ပေမယ့် လက်တွေ့ဘဝမှာရော အသုံးဝင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Exit mobile version