အမေရိကန်သမ္မတဟောင်း အိုဘားမား ပြောပြတဲ့ အကောင်းမြင်စိတ် ဘယ်လိုမွေးမြူမလဲ။

အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း အိုဘားမားနှင့် လူရွှင်တော် ရုပ်သံတင်ဆက်သူ Hasan Minhaj တို့ပြောကြားထားတဲ့ အမေးအဖြေထဲက အကောင်းမြင်စိတ် မွေးမြူခြင်း အကြောင်းအရာတွေကို ကောက်နှုတ်တင်ပြလိုက်ရပါတယ်။

Minhaj က သမ္မတဟောင်းအိုဘားမားကို အခုဖြစ်ပျက်နေတဲ့ ရာသီဥတုအပြောင်းအလဲ၊ လိင်တူချစ်သူတွေကို အတင်းအကျပ်ဆန့်ကျင်နေကြတဲ့ အဖွဲ့အစည်း နဲ့ ကိုယ်ဝန်ကို မပယ်ဖျက်ရခြင်း ဥပဒေတွေနဲ့ပတ်သတ်ပြီး စိတ်ညစ်၊ စိတ်ဓါတ်ကျတာမျိုးတွေရှိလားဆိုပြီး မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သတ်ပြီး သမ္မတဟောင်း အိုဘားမားက အခုလို ဖြေကြားခဲ့ပါတယ်။ “ကျွန်တော့်အနေနဲ့ အရာအားလုံးကို ရှုထောင့်ပေါင်းစုံက မြင်အောင် ကြည့်ပါတယ်။ သင့်ရဲ့ မိဘ၊ အဖိုးအဖွားတွေကို မေးကြည့်ပါ။ ဒါတွေက သူတို့ဘ၀တစ်လျှောက်မှာ အဆိုးဆုံး အရာတွေလားဆိုပြီး မေးကြည့်ပါ။ သေချာတာတစ်ခုကတော့ ပထမကမ္ဘာစစ် နဲ့ ဒုတိယကမ္ဘာစစ်ကာလကြားထဲက စိတ်ဓါတ်အကျဆုံးနဲ့ အဆိုးဆုံးအခြေအနေဆိုတာ သူတို့ပြောပြပါလိမ့်မယ်။ ဒီထက်တောင် ပိုဆိုးတဲ့အရာတွေကို တွေ့မြင်ခဲ့တယ်လို့ ပြောပါလိမ့်မယ်။”

သမ္မတဟောင်း အိုဘားမားက အကြောင်းအရာတစ်ခုခုမှာ ပူဆွေးနေမယ့်အစား ဖန်ခွက်တစ်ဝက်ပြည့်နေခြင်း အတွေးအခေါ်ကိုလည်း ထောက်ပြခဲ့ပါတယ်။ (ဖန်ခွက်ကို ရေတစ်ဝက်ထည့်ထားပြီး လူတွေကို မေးမြန်းတဲ့အခါမှာ အချို့က တစ်ဝက်ပြည့်နေတယ် ပြောပါမယ်၊ အချို့က တစ်ဝက်က လွတ်နေတယ်ပြောပါမယ်။ သိပ္ပံပညာရှင်တွေကတော့ လေထုက တစ်ဝက်ပြည့်ပြီး တစ်ဝက်က ရေပြည့်နေတယ်ပြောပါမယ်။ လူအမျိုးမျိုးပေါ်မူတည်ပြီး တွေးခေါ်ယူဆပုံတွေ ကွဲပြားသွားတာကို ပြောခြင်းဖြစ်ပါတယ်။)

“ကျွန်တော်ကြီးပြင်းလာတဲ့အချိန်ကာလက အခုလို အခြေအနေမျိုးမဟုတ်ခဲ့ပဲ ဆိုးတဲ့အရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုဆို လူသားတွေက အရင်ကထက် လူမျိုးရေးခွဲခြားတာမျိုးတွေ နည်းလာကြတယ်။ လိင်တူလက်ထပ်ခြင်းတွေကိုလည်း လက်ခံလာကြတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လူသားတွေက အမြင်တွေတိုးတက် ပြောင်းလဲလာတယ်လို့ ပြောနိုင်ပါတယ်။”

သင့်အနေနဲ့ အဆိုးတွေကိုပဲ အမြဲမြင်နေရင် သင့်ရဲ့ စိတ်ကလည်း အဆိုးကိုပဲ မြင်နေပါလိမ့်မယ်။ ဒါကြောင့် အချိန်ပေးပြီး အဆိုးဆုံးအရာတွေထဲမှ အကောင်းဆုံး အရာလေးတွေကို ဖြည့်တွေးပြီး နားလည်ပေးပါ။ ဒါဆိုရင် သင့်ရဲ့စိတ်ခွန်အားတက်လာပြီး တွေးခေါ်စဉ်းစားပုံတွေလည်း ထူးခြားပြောင်းလဲလာပါလိမ့်မယ်။ သမ္မတဟောင်းအိုဘားမားက သူ့ရဲ့သမီး Malia ရဲ့ သူငယ်ချင်းတွေက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး ဘယ်လိုရပ်တန့်ရမလဲဆိုတဲ့ မေးခွန်းမေးတဲ့အခါမှာလည်း အခုလို ဖြေကြားခဲ့ပါတယ်။

“ကျွန်တော်သူတို့ကို အခုလိုပြန်ဖြေခဲ့ပါတယ်။ ကမ္ဘာကြီးရဲ့ အပူချိန် ၂ စင်တီဂရိတ်ထိမြင့်တက်လာတာကို ရပ်တန့်လို့ ရချင်မှ ရပါမယ်။ ဒါပေမယ့် အစွမ်းကုန် စိတ်တူကိုယ်တူ ကြိုးစားကြရင်တော့ ၃ စင်တီဂရိတ်ထိ မြင့်တက်မယ့်အစား ၂.၅ စင်တီဂရိတ်လောက်နဲ့ ရပ်တန့်သွားနိုင်ပါတယ်။ ဒီ ၅စိတ်လောက် စင်တီဂရိတ်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေအောက်ထဲ ရောက် မရောက်သွားတာကိုတော့ ပြောနိုင်ပါလိမ့်မယ်။” (ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာကြီးရဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့် နိုင်ငံရဲ့ ၇၅% ရေမြုပ်နိုင်ချေရှိတယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။)

“သင့်ရဲ့တွေးခေါ် စဉ်းစားပုံကို ပြောင်းလဲလိုက်ပါ။ အဲ့ဒါက သင့်ရဲ့ အဆိုးမြင်စိတ်ကိုလည်း ထိန်းချုပ်နိုင်တဲ့ အဓိက အချက်ပါပဲ။” — အမေရိကန်သမ္မတဟောင်း အိုဘားမား

Exit mobile version